နယူးကာဆယ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား မြို့၏လွတ်လပ်ခွင့်ဆု ရုပ်သိမ်းရန်ကြိုးပမ်း

နယူးကာဆယ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား မြို့၏လွတ်လပ်ခွင့်ဆု ရုပ်သိမ်းရန်ကြိုးပမ်း
Published 31 January 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်က နေပြည်တော်တွင် နိုင်ငံတော်ရုပ်သံမိန့်ခွန်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (Photo: AP)

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၌ ဘင်္ဂါလီမွတ်စလင်များကို နှိပ်ကွပ်မှုအား ဆန့်ကျင်ပြောဆိုရန် ပျက်ကွက်ခဲ့မှုကြောင့် နယူးကာဆယ်မြို့က အပ်နှင်းထားသည့် မြို့၏လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ်သိမ်းခံရနိုင်မှုနှင့် ရင်ဆိုင်နေရကြောင်း ဇန်နဝါရီ ၂၉ ရက် သတင်းများအရ သိရသည်။

နယူးကာဆယ်ကောင်စီခေါင်းဆောင် နစ်ဖိုးဘီးက ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းသင့်ကြောင်း အဆိုပြုမည်ဖြစ်သည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံမှုအား ရေရှည်ပြုလုပ်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နယူးကာဆယ်ကောင်စီက အဆိုပါဆုကို ၂၀၁၁ ခုနှစ်တွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏နိုင်ငံအတွင်း အကြမ်းဖက်မှုများဖြစ်ပေါ်ခြင်းကို ဆန့်ကျင်ပြောဆိုရန် ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံတကာ၏အကြီးအကျယ် ဝေဖန်မှုများအား ရင်ဆိုင်နေရသည်။ ယခုအခါ နယူးကာဆယ်ကောင်စီကို လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အစည်းအဝေးတစ်ရပ်၌ ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမည်ဖြစ်သည်။ ယင်းကဲ့သို့ရုပ်သိမ်းခြင်းမျိုးကို နယူးကာဆယ်ကောင်စီ အာဏာပိုင်များအနေဖြင့် ယခင်က တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခဲ့ဖူးခြင်းမရှိပေ။

ယင်းကဲ့သို့ ပြုလုပ်မှုမျိုးမရှိဖူးခဲ့သည့်အတွက် ပြုလုပ်မည့်လုပ်ငန်းစဉ်ကိုလည်း ရေရေရာရာသိရှိရခြင်းမရှိသေးပေ။

ကောင်စီခေါင်းဆောင် နစ်ဖိုးဘီးက ဝန်ကြီးချုပ်ရာထူးနှင့်ညီမျှသော မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ လွတ်လပ်ခွင့်ဆုကိုရုပ်သိမ်းရန် အစီအစဉ်ကိုပါ အဆိုပြုတင်သွင်းမည်ဖြစ်သည်။

သူ၏ဆောင်ရွက်မှုတွင် နစ်ဖိုးဘီးက ဘင်္ဂါလီမွတ်စလင်များသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များချီကြာလျက် အခြေခံလူ့အခွင့်အရေးများ ငြင်းပယ်ခံထားရကြောင်း၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခက ဘင်္ဂါလီမွတ်စလင်များနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျရောက်မှုဆီသို့ ဦးတည်စေခဲ့ကြောင်း၊ အမျိုးသမီးနှင့်ကလေးများ အဓိကပါဝင်သည့် လူပေါင်း ၆၅၀၀၀၀ ကို နေအိမ်များစွန့်ခွာထွက်ပြေးစေလျက် ဘင်္ဂလားဒေ့ရှ်ရှိ ကျပ်ညပ်နေသော ဒုက္ခသည်စခန်းများ၌ နေထိုင်စေခဲ့ရကြောင်းနှင့် ဘင်္ဂါလီမွတ်စလင်များအပေါ် ဆက်ဆံမှုအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်မှ ပယ်ဖျက်ခြင်းမပြုနိုင်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ကြောင်းတို့အား ကောင်စီသို့ ပြောကြားမည်ဖြစ်သည်။

နစ်ဖိုးဘီးက ဒီမိုကရေစီအတွက် ရေရှည်ရုန်းကန်ခဲ့မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား မြို့၏လွတ်လပ်ခွင့်ဆု ချီးမြှင့်ခြင်းမှာ မှန်ကန်ခဲ့သော်လည်း လက်ရှိနှင့် ဆက်လက်ဖြစ်ပွားနေဆဲ နှိပ်ကွပ်မှုများနှင့် ဘင်္ဂါလီမွတ်စလင်တို့၏ ဒုက္ခများနှင့်ပတ်သက်၍ နယူးကာဆယ်သားများအကြား ကြီးမားသည့် စိုးရိမ်မှုရှိနေသည်ဟုဆိုသည်။

Most Read

Most Recent