တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းတုအနီး အမေရိကန်စစ်သင်္ဘော ရောက်ရှိခဲ့ပြီးနောက် တရုတ်က ကန့်ကွက်

တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းတုအနီး အမေရိကန်စစ်သင်္ဘော ရောက်ရှိခဲ့ပြီးနောက် တရုတ်က ကန့်ကွက်
Published 11 August 2017

၂၀၁၃ ခုနှစ် မတ် ၂၁ ရက်က ကိုရီးယားကျွန်းဆွယ်အလွန် ရေပြင်တွင် ဖြတ်သန်းနေသော ဖျက်သင်္ဘော USS John S.McCain ကို တွေ့ရစဉ် (Photo: AFP)

အငြင်းပွားနေသော တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းတုတစ်ခုအနီး အမေရိကန် စစ်သင်္ဘောတစ်စင်း ရောက်ရှိခဲ့ပြီးနောက် သြဂုတ် ၁၁ ရက်တွင် တရုတ်က မကျေနပ်ကြောင်း ပြသခဲ့သည်။ ယင်းဖြစ်ရပ်တွင် တရုတ်ရေတပ်က အမေရိကန် ဖျက်သင်္ဘောကို သတိပေးမှု ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျန်ရှုအန်းက USS John S.McCain သင်္ဘော၏ လုပ်ရပ်သည် တရုတ်နှင့် နိုင်ငံတကာ ဥပဒေတို့ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် လုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။

“ဒီကိစ္စနှင့် ပတ်သက်ပြီး တရုတ်က အပြင်းအထန် မကျေမနပ် ဖြစ်မိပါတယ်” ဟု ကျန်ရှုအန်းက ပြောကြားခဲ့ပြီး တရုတ်အစိုးရ အနေဖြင့် အမေရိကန် အစိုးရကို တရားဝင် ကန့်ကွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

သြဂုတ် ၁၀ ရက်တွင် USS John S.McCain သင်္ဘောသည် တရုတ်က တည်ဆောက်ထားသော MischiefReef အမည်ရှိ ကျွန်းတုမှနေ၍ ရေမိုင်ခြောက်မိုင်အတွင်း ရောက်ရှိခဲ့သည်။ ယင်းသည် ရေကြောင်းဆိုင်ရာ လွတ်လပ်စွာသွားလာခွင့်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါကျွန်းတုသည် တောင်တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားနေသော စပရက်တလီ ကျွန်းစုများ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာများဖြစ်သည်။

အမည်မဖော်လိုသူ အမေရိကန် အရာရှိ တစ်ဦးက တရုတ်ဖရိုင်းဂိတ် သင်္ဘောတစ်စင်းသည် အမေရိကန် သင်္ဘောကို ၁၀ ကြိမ်ထက်မနည်း ရေဒီယိုဖြင့် သတိပေးမှု ပြုလုပ်ခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“သူတို့က ဆက်သွယ်ပြီး ကျေးဇူးပြုပြီး နောက်ပြန်လှည့်ပါ။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ ပိုင်နက်ထဲကို ရောက်နေပါတယ်” ဟု ပြောကြားခဲ့ကြောင်း အဆိုပါ အရာရှိက ဆိုသည်။ “ကျွန်တော်တို့က သူတို့ကို ကျွန်တော်တို့ဟာ နိုင်ငံတကာ ရေပိုင်နက်အတွင်း ပုံမှန်စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ အမေရိကန် သင်္ဘောပါ” ဟု ပြန်ကြားခဲ့ကြောင်းလည်း အဆိုပါ အရာရှိက ဆိုသည်။

အမေရိကန် အရာရှိက အပြန်အလှန် ဖြစ်ပွားမှုသည် အစစအရာရာ ဘေးကင်းလုံခြုံပြီး ပရော်ဖက်ရှင်နယ် ဆန်ခဲ့ကြောင်းနှင့် ၎င်းတို့၏ စစ်ဆင်ရေးသည် အစမှအဆုံးအထိ ခြောက်နာရီခန့် ကြာခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ကျန်က ယင်းကဲ့သို့သော စစ်ဆင်ရေးမျိုးသည် လူ့အသက်များ ဆုံးရှုံးရန် အလွန်အန္တရာယ်ကြီးသည်ဟု ဆိုသည်။

ရေကြောင်းဆိုင်ရာ လွတ်လပ်စွာ သွားလာခွင့်သည် ဇန်နဝါရီလတွင် သမ္မတ ဒေါ်နယ်ထရန့် တက်လာပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်သည်။

မနီလာမြို့တွင် ပြုလုပ်သော အာဆီယံ ၁၀ နိုင်ငံ၏ လုံခြုံရေးဖိုရမ် ဘေးဆွယ်ဆွေးနွေးပွဲ၌ အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်တို့က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ကျွန်းတုတည်ဆောက်မှုနှင့် စစ်ရေးလှုပ်ရှားမှု ပြုနေမှုများကို ရှုတ်ချခဲ့ကြပြီးနောက် လေးရက်အကြာတွင် အမေရိကန်၏ ယခုလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent