နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတကိုဗင်၏ အိမ်တော်သို့ သွားရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတကိုဗင်၏ အိမ်တော်သို့ သွားရောက်
Published 29 January 2018

ဇန်နဝါရီ ၂၇ ရက်က အိန္ဒိယသမ္မတအိမ်တော်တွင် တွေ့ဆုံနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ ကိုဗင်တို့အား တွေ့ရစဉ်

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၇ ရက်က အိန္ဒိယသမ္မတ ရမ်နာ့ကိုဗင်ထံ သွားရောက်ခဲ့သည်ဟု သိရသည်။

ရာ့ရှ်ထရာပတိ ဘာဗန်ဟုခေါ်သော တရားဝင် အိန္ဒိယသမ္မတအိမ်တော်သည် နယူးဒေလီမြို့တော်တွင် တည်ရှိသည်။ သမ္မတကိုဗင်သည် ဂုဏ်သရေရှိပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လာရောက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အနှစ်သက်ဆုံးဖြစ်သည့် နှင်းဆီပန်းများအား သမ္မတအိမ်တော် ဥယျာဉ်ထဲမှ ခူးကာပေးခဲ့သည်ဟု သိရသည်။

“မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်ဟာ သမ္မတကို ဗင်ထံကို ယနေ့ လာရောက်ခဲ့ပါတယ်။  သမ္မတဟာ သူ့ဧည့်သည်ရဲ့ အကြိုက်ဆုံးဖြစ်တဲ့ ရာ့ရှ်ထရာပတိဘာဗန် ဥယျာဉ်ထဲက နှင်းဆီတွေကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်” ဟု Twitter ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၅ နှစ်မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ၆၉ နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့အခမ်းအနားတို့ကို တက်ရောက်ရန်အတွက် ဇန်နဝါရီ ၂၄ ရက်ကတည်းက အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ-အာဆီယံ ဆက်ဆံရေး၏ ငွေရတုပြည့်မြောက်ခြင်း အထိမ်းအမှတ်အနေ နှင့် အိန္ဒိယအစိုးရက ‘မျှဝေသော စံတန်ဖိုးနှင့် တူညီသည့် ကြမ္မာ’ ဟူသော ဆောင်ပုဒ်ဖြင့်  အမှတ်တရ ထိပ်သီးတွေ့ဆုံမှုတစ်ခုကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေးပွဲမတိုင်မီ ယဉ်ကျေးမှုမှသည် ကုန်သွယ်ရေးအထိ အစီအစဉ်များစွာကိုလည်း အိန္ဒိယအစိုးရက စီစဉ်ထားခဲ့ကြောင်း သိရသည်။

အသက် ၇၂ နှစ်အရွယ် ရမ်နက်ကိုဗင်သည် အိန္ဒိယ၏ ၁၄ ဦးမြောက် လက်ရှိတာ ဝန်ထမ်းဆောင်နေဆဲ သမ္မတဖြစ်သည်။ ယင်းသို့ သမ္မတမဖြစ်မီက ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အထိ ဘီဟာပြည်နယ်၏ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကိုဗင်သည် အိန္ဒိယ၏ဇာတ်စနစ်ထဲမှ အနိမ့်ဆုံး ဒါလစ်ထဲမှ သမ္မတရာထူးကို ထမ်းဆောင်နိုင်သည့် ဒုတိယမြောက်ပုဂ္ဂိုလ်လည်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent