ဂျပန်က မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ ပိုမိုပူးပေါင်းကြရန် တရုတ်ကို ဆော်သြ

ဂျပန်က မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ ပိုမိုပူးပေါင်းကြရန် တရုတ်ကို ဆော်သြ
Published 29 January 2018

ဇန်နဝါရီ ၂၈ ရက်က ပေကျင်းရှိ Diaoyutai အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးကြသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို (ဝဲ) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ကို တွေ့ရစဉ်

မြောက်ကိုရီးယား၏နျူကလီးယား လက်နက်စီမံကိန်းကို ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို ဆော်သြခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့သည် ပေကျင်းတွင် ဇန်နဝါရီ ၂၈ ရက်က တွေ့ဆုံခဲ့ကြသည်။ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းကိစ္စနှင့် ဒုတိယကမ္ဘာစစ်အတွင်းက အကြွင်းအကျန်များကြောင့် ပြိုင်ဘက်နှစ်နိုင်ငံ၏ ဆက်ဆံရေး တင်းမာနေသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။ ထိုဆက်ဆံရေးကို တိုးတက်စေရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းနေကြစဉ် ယခုတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံ၏ဆက်ဆံရေးမှာ ထိုသို့ပြန်လည် နွေးထွေးစပြုနေသော်လည်း တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နေရပ်နိုင်ငံများ၌ အချင်းချင်းတွေ့ဆုံရေးမှာ ဖြစ်မလာသေးပေ။

ပေကျင်းရှိ Diaoyutai အစိုးရဧည့်ရိပ်သာ၌ တွေ့ဆုံမှုတွင် ဂျပန်ဝန်ကြီးချုပ် ကိုနိုသည် နှစ်နိုင်ငံကြားမှ မြင့်တက်လာသည့် ဆက်ဆံရေးကို ချီးမွမ်းပြောကြားသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကိုနိုက မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းအား ထိန်းချုပ်ရေးအတွက် ပိုမိုလုပ်ဆောင်ရန် တရုတ်အစိုးရကို ဆော်သြခဲ့သည်။

“ကျွန်တော်တို့ နှစ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးရေးသာမကဘဲ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေမှာ ဂျပန်နဲ့ တရုတ်တို့ အတူရပ်တည်ဖြေရှင်းဖို့ဟာလည်း အရေးပါတယ်ဆိုတာ ကျွန်တော်ယုံ ကြည်ပါတယ်“ဟု ၎င်းက ပြောကြားခဲ့သည်။ “အထူးသဖြင့် မြောက်ကိုရီးယားအရေးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။

ဂျပန်သည် ယခုကဲ့သို့ အဆင့်မြင့် အစိုးရ အရာရှိခရီးစဉ်များ၊ စီးပွားရေးကိုယ်စားလှယ် အဖွဲ့များဖြင့် ဆွယ်နေသော်လည်း နိုင်ငံ့ခေါင်းဆောင်များ၏ ခရီးစဉ်ဖြစ်လာရေးမှာမူ ခက်ခဲမှုတစ်ခုဖြစ်နေဆဲ ဖြစ်သည်။ ဂျပန်-တရုတ်၏ ခင်မင်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ်အတွက် အခမ်းအနားကျင်းပရန် နှစ်နိုင်ငံလုံးက ပြင်ဆင်နေသည့် ယခုနှစ်တွင်မူ ထိုအခြေအနေများကို ပြောင်းလဲနိုင်ရန် ဂျပန်က မျှော်လင့်နေသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက နှစ်နိုင်ငံဆက်ဆံရေးသည် အတိမ်းအစောင်း မခံပဲ အရေးပါသော အခြေအနေတွင်ရှိသည်ဟု ကိုနိုကို ပြောကြားခဲ့သည်။

“အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ အနှောင့်အယှက်တွေ၊ အတားအဆီးတွေကတော့ ရှိနေဆဲဖြစ်ပါတယ်” ဟု ဝမ်ယီက ပြောကြားသွားခဲ့သည်။ ဆက်ဆံရေးအား ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်စေရန် နှစ်ဘက်စလုံးက အတူတကွ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

တရုတ်နှင့် ဂျပန်ကြားမှ တင်းမာမှု၏ အဓိကအရင်းအမြစ်တစ်ခုမှာ အရှေ့တရုတ်ပင်လယ်အတွင်းက ကျွန်းစုအား ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အငြင်းပွားမှုဖြစ်သည်။ ထိုကျွန်းစုကို ဂျပန်က ဆင်ကာကူဟု ခေါ်ပြီး တရုတ်က ကျောက်ယူဟုခေါ်သည်။

တရုတ်ကမ်းရိုးတန်းစောင့်တပ်များသည် ထိုအငြင်းပွားကျွန်းစုဝန်းကျင်တွင် ပုံမှန်လှည့်လည်လေ့ရှိကြသည်။ အဆိုပါလုပ်ရပ်သည် ယင်းကျွန်းစုကို လက်ရှိထိန်းချုပ်ထားသော ဂျပန်ထံမှ ကန့်ကွက်မှုများကို ပုံမှန်ထွက်ပေါ်စေလေ့ရှိသည်။

ထိုနယ်မြေအငြင်းပွားမှုကိစ္စကို နှစ်နိုင်ငံစလုံးက လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိဘဲ တံခါးပိတ်ဆွေးနွေးပွဲများတွင်သာ ဆွေးနွေးကြဖွယ်ရှိသည်။ ယခုလအစောပိုင်းကပင် ထိုနေရာသို့ တရုတ်သည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း လွှတ်လိုက်သည်ဟု ဂျပန်ဘက်က ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent