အမေရိကန်လေယာဉ်တင်သင်္ဘော ဗီယက်နမ်သို့ သမိုင်းဝင်ဆိုက်ရောက်မည်

အမေရိကန်လေယာဉ်တင်သင်္ဘော ဗီယက်နမ်သို့ သမိုင်းဝင်ဆိုက်ရောက်မည်
Published 29 January 2018

၂၀၁၇ ခုနှစ် မေ ၃ ရက်က ပစိဖိတ်သမုဒ္ဒရာတွင် ခုတ်မောင်းနေသော အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းသည် မတ်လတွင် ဗီယက်နမ်၌ ဆိုက်ကပ်မည်ဟု စစ်ဘက်တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် အငြင်းပွားမှုဖြစ်နေသော တောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ သြဇာကြီးထွားလာမှုကို တန်ပြန်ရန် ကြိုးပမ်းနေသည့် မဟာမိတ်နှင့် ရန်သူဟောင်းဖြစ်သည့် ဗီယက်နမ်နှင့်အမေရိကန်တို့ အတွက် ပထမဆုံးအကြိမ် ဆိပ်ကမ်းကပ်မှုဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည့် အာရှခရီးစဉ်တစ်ခုကို အင်ဒိုနီးရှားတွင် အဆုံးသတ်ခဲ့ပြီးနောက် ကွန်မြူနစ်ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့စဉ် ယင်းကြေညာချက် ထွက်ရှိခဲ့သည်။

ဗီယက်နမ်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် မာတစ်သည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး Ngo Xuan Lich၊ သမ္မတ Tran Dai Quang တို့နှင့် ဇန်နဝါရီ ၂၅ ရက်တွင် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် မာတစ်က ကွန်မြူနစ် အိမ်နီးချင်းများဖြစ်သည့် ဟနွိုင်းနှင့်ပေကျင်းအကြား အငြင်းပွားမှုဖြစ်ခဲ့ရသည့် သဘာဝရင်းမြစ် ပေါကြွယ်ဝသော တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထောက်ပြခဲ့သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက် များစွာရှိသည်ဟု ယူဆပြီး နှစ်စဉ်ကုန်သွယ် ဖြတ်သန်းသွားလာမှု ဒေါ်လာငါးထရီလျံခန့်ရှိသည့် တောင်တရုတ်ပင်လယ်၏ ပိုင်နက်အများစုကို ပိုင်ဆိုင်သည်ဟု တရုတ်က အခိုင်အမာ ပြောကြားခဲ့ပြီး ကျွန်းတုများဆောက်ကာ ပင်လယ်တွင် အစောင့်တပ်များ ထားရှိခဲ့သည်။

ဗီယက်နမ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း ယင်းရေလမ်းကြောင်းကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့် အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူများသည် လေယာဉ်တင်သင်္ဘောဆိုက်ကပ်ရေးအတွက် တောင်းဆိုချက်များကို တင်ပြခဲ့သည်ဟု ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။ သေးငယ်သည့် အမေရိကန် သင်္ဘောများသည် ဗီယက်နမ်ကမ်းရိုးတန်းများတွင် ကျောက်ချမှုများ ရှိခဲ့သော်လည်း လေယာဉ်တင်သင်္ဘောဆိုက်ကပ်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု မာတစ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်ဂျက်ဖ်ဒေးဗစ်က ပြောကြားခဲ့သည်။

အမေရိကန် လေယာဉ်တင်သင်္ဘောများသည် ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်ကမ်းရိုးတန်းများအနီး ရောက်ရှိခဲ့သော်လည်းသော်လည်း ယခုအကြိမ်သည် ဗီယက်နမ်ဆိပ်ကမ်းသို့ လေယာဉ်တင်သင်္ဘောပထမဆုံးအကြိမ် ဆိုက်ကပ်မှုဖြစ်သည်ဟု ပင်တဂွန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်သည် တိုးတက်မှုမြန်ဆန်သော ဗီယက်နမ်အတွက် အရေးပါသည်ဟု မာတစ်က ပြောကြားခဲ့သည်။

ရန်သူဟောင်းများဖြစ်သည့် အမေရိကန်နှင့် ဗီယက်နမ်အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများသည် ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ယင်းအချိန်က အမေရိကန်သမ္မတဖြစ်သည့် ဘာရက်အိုဘားမား ဗီယက်နမ်သို့ သွားရောက်စဉ် ယင်းနိုင်ငံအတွက် လက်နက်ကုန်သွယ်မှု ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခဲ့သည်။

Ref: AFP

Most Read

Most Recent