ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနှင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးတို့ အီဂျစ်တွင် တွေ့ဆုံ

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနှင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးတို့ အီဂျစ်တွင် တွေ့ဆုံ
Published 29 January 2018

ဇန်နဝါရီ ၂၆ ရက်က ဂီဇာပိရမစ်များရှေ့တွင် ဓာတ်ပုံရိုက်ခံနေသော ဂျေယိုတီ (ယာ)နှင် ဆူလ်တန် (ဝဲ) (Photo: AFP)

ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးသည် ၎င်းအရပ်အမြင့်၏ လေးဆရှိသော ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနှင့် အီဂျစ်နိုင်ငံတွင် ဇန်နဝါရီ ၂၆ ရက်က တွေ့ဆုံခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ ဂျေယိုတီအမ့်ချ် အမည်ရှိသည့် ထိုအမျိုးသမီးသည် ၀ ဒသမ ၆၃ မီတာ (နှစ်ပေကျော်) သာ အရပ်မြင့်သည်။ အသက် ၂၅ နှစ်အရွယ် ဂျေယိုတီအမ့်ချ်သည် လှုပ်ရှားသွားလာနိုင်သော အရပ်အပုဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားသူလည်း ဖြစ်သည်။

တူရကီနိုင်ငံသားဖြစ်သော ဆူလ်တန်ကိုဆန်မှာမူ အရပ်အမြင့် ၂ ဒသမ ၅၁ မီတာ (၈ ပေ ၁ လက်မ) ရှိပြီး အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည်။

အီဂျစ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဘုတ်အဖွဲ့၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိလာကြသည့် အဆိုပါ ဆန့်ကျင်ဘက်နှစ်ဦးသည် နိုင်းမြစ်အနောက်ဘက်ကမ်းရှိ ဂီဇာမြို့တွင် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် သမိုင်းဝင်ဂီဇာပိရမစ်များရှေ့တွင်လည်း ဓာတ်ပုံရိုက်ခံခဲ့ကြသည်။

ဂင်းနစ်စံချိန်ဝင် ထိုနှစ်ဦးသည် မြို့တော်ကိုင်ရိုရှိ Firmont Nile City ဟိုတယ်တွင် ကျင်းပသည့် ကွန်ဖရင့်တစ်ခုကို တက်ရောက်ပြီးနောက် အီဂျစ်၏ ခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် ကိုင်ရိုထဲရှိ အထင်ရှားဆုံးခရီးသွား ဆွဲဆောင်ရာနေရာများသို့လည်း လှည့်လည်သွားရောက်ခဲ့ကြသည်။

ထိုနှစ်ဦးစလုံးသည် ၂၀၁၁ ခုနှစ်က ၎င်းတို့၏ ဂင်းနစ်စံချိန်များကို တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ နက်ပါတွင် နေထိုင်သော ဂျေယိုတီသည် လူကိုယ်ခန္ဓာသေးငယ်စေသော အခြေအနေ တစ်မျိုးဖြစ်သည့် achondroplasia ရှိနေသူဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် ဂျေယိုတီသည် American Horror Story: Freak Show တွင် ပါဝင်ခဲ့ဖူးသည့်အပြင် မှတ်တမ်း ရုပ်ရှင်များနှင့် ဟိန္ဒူရုပ်ရှင် Pan Supari တို့တွင်လည်း ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။ ဆူလ်တန်မှာမူ နှစ်ပေါင်း ၂၀ ကျော်အတွင်း အရပ်ရှစ်ပေကျော်ဖြင့် ဂင်းနစ်စံချိန်ချိုးနိုင်သည့် ပထမဆုံးလူသားဖြစ်သည်။

ဆူလ်တန်သည် ယင်းကဲ့သို့ အရပ်မြင့်နေခြင်းမှာ Pituitary gigantism ဟုခေါ်သော အခြေအနေတစ်ရပ်ကြောင့်ဖြစ်သည်။ ထိုအခြေအနေကြောင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးမှုကို အကျိုးပြုသည့် ဟော်မုန်းထုတ်ပေးသော ဦးနှောက်အောက်ပိုင်းရှိ pituitary ဂလင်းမှနေ၍ ပုံမှန်ထက်ပို၍ ကြီးထွားလာစေရန် ဟော်မုန်းအမြောက်အမြား ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆူလ်တန်တွင် မွေးချင်း လေးဦးရှိပြီး ၎င်း၏မိသားစုဝင်အားလုံးတွင် ပုံမှန်အရပ်အမြင့်ရှိကြသည်။ ဆူလတန်သည် ၂၀၁၃ ခုနှစ်က လက်ထပ်ခဲ့သည်။ ဂင်းနစ်ကမ္ဘာ့စံချိန်၏ သမိုင်းတွင် အရပ်ရှစ်ပေကျော်သူမှာ ၁၀ ဦးသာရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

Ref: AFP

Most Read

Most Recent