IS အဖွဲ့က ဘာစီလိုနာတွင် ပါရီအကြမ်းဖက်တိုက်ခိုက်မှုပုံစံ ပြုလုပ်ရန်စီစဉ်ခဲ့ဟု အစီရင်ခံစာက ဖော်ပြ

IS အဖွဲ့က ဘာစီလိုနာတွင် ပါရီအကြမ်းဖက်တိုက်ခိုက်မှုပုံစံ ပြုလုပ်ရန်စီစဉ်ခဲ့ဟု အစီရင်ခံစာက ဖော်ပြ
Published 28 January 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်က ဘာစီလိုနာကမ်းခြေအနီး လမ်းတစ်လမ်းတွင် ရဲကားတစ်စီးကင်းလှည့်နေစဉ် (Photo - AFP)

ပြင်သစ်မြို့တော် ပါရီတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကဲ့သို့ ဘာစီလိုနာရှိ လူစည်ကားသောနေရာများတွင် ယင်းပုံစံတိုက်ခိုက်မှုများ ပြုလုပ်ရန် IS  ဂျီဟတ်အဖွဲ့က စီစဉ်ခဲ့ကြောင်း အမေရိကန်မဂ္ဂဇင်းတစ်စောင်၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

IS ကွန်ရက်က စပိန်၏ဒုတိယအကြီးဆုံးမြို့ ဘာစီလိုနာ၏ လူစည်ကားသောနေရာများအား တိုက်ခိုက်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် စီစဉ်ခဲ့ကြောင်း၊ သို့သော် ယင်းအစီအစဉ်တွင် အဓိကကျသည့် မော်ရိုကို နိုင်ငံသား အဗ္ဗဒယ်ဂျာလီအက်အီးခါအိ ဖမ်းဆီးခံခဲ့ရမှုကြောင့် အထမမြောက်ခဲ့ကြောင်း စစ်သွေးကြွရေးရာများအား သုတေသနပြုသော CTC Sentinel မဂ္ဂဇင်း၏ ဇန်နဝါရီထုတ်တွင် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။  ယင်းအစီရင်ခံစာအား မက်ဒရစ်ပညာရှင် အဖွဲ့ဖြစ်သော Real Institue Elcano မှ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအား သုတေသနပြုသူနှစ်ဦးက ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအား တိုက်ခိုက်ရန် အထမမြောက်ခဲ့သော ယင်းအစီအစဉ်သည် နောက်ပိုင်းတွင် ပါရီ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အလားတူဖြစ်ကြောင်း၊ ဘာစီလိုနာတိုက်ခိုက်မှုတွင် အီးခါအိနှင့် ဆက်နွှယ်မှုရှိသည့် ပြင်သစ်နှင့် ဘယ်ဂျီယမ်တို့မှ နိုင်ငံသားများလည်း ပါဝင်မည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဘာစီလိုနာတိုက်ခိုက်မှုတွင် ဖျော်ဖြေရေးခန်းမများ၊ စားသောက်ဆိုင်များနှင့် အားကစားခန်းမများကဲ့သို့ အလွန်အမင်း လူစည်ကားသည့်နေရာများကို ကလက်ရှ်နီကော့ ရိုင်ဖယ်များနှင့် ဗုံးများအသုံးပြု၍ တိုက်ခိုက်မည့် အစီအစဉ်များ ပါဝင်ခဲ့ကြောင်းလည်း ယင်းအစီရင်ခံစာက ဆိုသည်။

ယင်းအစီရင်ခံစာသည် အဆိုပါဖြစ်စဉ်နှင့်သိရှိ ရင်းနှီးသော ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး၊ တရားစီရင်ရေးတာဝန်ရှိသူများအား လူတွေ့မေးမြန်းမှုများအပြင် ထုတ်ပြန်ရန် တားမြစ်ထားသည့် တရားရုံးမှတ်တမ်းများကို အခြေပြုထားခြင်း ဖြစ်သည်။

အီးခါအိသည် စပိန်၏ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ Torrevieja  မြို့တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာအထိ နေထိုင်ခဲ့ပြီးနောက်  IS အဖွဲ့နှင့်ပူးပေါင်းရန် ဆီးရီးယားသို့ထွက်ခွာခဲ့သည်။ လူ ၁၃၀ သေဆုံးခဲ့ရသော ပါရီတိုက်ခိုက်မှုများအား ပြုလုပ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သည်ဟု သံသယရှိသည့် ဘယ်ဂျီယမ်နိုင်ငံသား အဗ္ဗဒယ်ဟာ မက်အဘာအူ၏ လူများနှင့် အီးခါအိက ဆက်သွယ်ခဲ့သည်။ အီးခါအိသည် ဘာစီလိုနာတွင် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ရန် အဘာအူ၏ညွှန်ကြားချက်ဖြင့် အစ္စတန်ဘူမှတစ်ဆင့် စပိန်သို့ ပြန်လာစဉ် ၂၀၁၅ ခုနှစ် ဇွန်တွင် ပိုလန်နိုင်ငံ ဝါဆောမြို့၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအထမမြောက်ခဲ့သော အကြံအစည်သည် ၂၀၁၇ ခုနှစ် သြဂုတ်တွင် လူ ၁၆ ဦး သေဆုံးခဲ့ရသည့် ဘာစီလိုနာနှင့် အနီးရှိ ပင်လယ်ကမ်းစပ်အပန်းဖြေစခန်းမြို့ ကမ်ဘရေးစ်တို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုများနှင့်မူ မပတ်သက်ပေ။

Ref; AFP

Most Read

Most Recent