အာတိတ်အထိ ချိတ်ဆက်မည့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး အခြေခံအဆောက်အအုံ အာတိတ်ပိုးလမ်းမအစီအစဉ်ကို တရုတ် တွန်းအားပေး

အာတိတ်အထိ ချိတ်ဆက်မည့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး အခြေခံအဆောက်အအုံ အာတိတ်ပိုးလမ်းမအစီအစဉ်ကို တရုတ် တွန်းအားပေး
Published 28 January 2018

Photo: AFP

တရုတ်သည် မဟာဗျူဟာမြောက် အရေးပါသော အာတိတ်ဒေသကို ဝင်ရောက်ခွင့်ပိုမိုရရှိနိုင်ရန်အတွက် ကြိုးပမ်းနေစဉ် ယင်းဒေသအထိ ချိတ်ဆက်မည့် ရည်မှန်းချက်ကြီးမားသော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး အခြေခံအဆောက်အအုံစီမံကိန်းအား တွန်းအားပေးခဲ့ပြီး “အာတိတ် ပိုးလမ်းမ” အစီအစဉ်ကို ဇန်နဝါရီ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အာတိတ်ဒေသသည် ပထဝီအနေအထားအရ တရုတ်၏နယ်နိမိတ်များနှင့် အလွန်အမင်းဝေးကွာသည်။ သို့သော် ဧရာမ ရေနံနှင့် ဓာတ်ငွေ့အရန်သိုက်များရှိနေပြီး အလားအလာရှိသော ရေကြောင်းသွားလာမှုများ ရှိနေခြင်းကြောင့် အာရှအင်အားကြီး တရုတ်အတွက် မဟာဗျူဟာအရ အလွန်အမင်း အရေးပါလာခဲ့သည်။

ပေကျင်းက ၎င်း၏ ပထမဆုံး အာတိတ်စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းသည် ဒေသတွင်း၌ အာတိတ်ဒေသအား ရှုမြင်ပုံကို ပွင့်လင်းစွာ မီးမောင်းထိုးပြမှုလည်းဖြစ်သည်။ ယင်းစက္ကူဖြူစာတမ်းတွင် ပါဝင်သော အဓိက အာဂျင်ဒါတစ်ခုမှာ သမ္မတရှီကျင် ပင်း၏ အမှတ်သညာဖြစ်သော “ပိုးလမ်းမ” စီမံကိန်းကို ချဲ့ထွင်မှုလည်း ပါဝင်သည်။

အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နှင့် ဥရောပတို့အကြား အထည်အလိပ်၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြား ကုန်ပစ္စည်းများအား တစ်ချိန်က သယ်ယူပို့ဆောင်ခဲ့ကြသည့် ရှေးဟောင်းပိုးလမ်းမကို ပြန်လည်ဆန်းသစ်မည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းသည် ဒေါ်လာတစ်ထရီလျံ ကုန်ကျမည့် ဧရာမ အခြေခံအဆောက်အအုံစီမံကိန်း ဖြစ်သည်။

ယင်းပိုးလမ်းမသစ် စီမံကိန်းအား တုံ့ပြန်မှုသည် စိတ်ဝင်စားမှုနှင့် စိုးရိမ်မှု ရောပြွမ်းနေခဲ့ပြီး အချို့က တရုတ်၏ ချဲ့ထွင်ရေး ဥပမာတစ်ရပ်ဟု ရှုမြင်ခဲ့ကြသည်။ ယခုနှစ် ဆောင်းဦးတွင် ဖင်လန်မှ ရထားတစ်စင်းသည် တရုတ်သို့ ပထမဆုံးရောက်ရှိခဲ့ရာ စကင်ဒီနေဗီးယားနိုင်ငံများသို့ ကုန်တင်ရထားလမ်းသစ်ကို ထူထောင်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ တရုတ်သည် အဓိကကျသော မဟာဗျူဟာမြောက်အစီအစဉ်သစ်အဖြစ် ဝင်ရိုးစွန်း ပိုးလမ်းမတစ်ခုကို တည်ဆောက်လိုနေကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကောင်ရှုယိုဝူက ပေကျင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်သည် ဓာတ်ငွေ့များ တူးဖော်ရန်အတွက် ဧရာမ ရည်မှန်းချက်ထားနေကြောင်း ပြောကြားမှုများကို ကောင်က ငြင်းဆန်ခဲ့သည်။

တာင်တရုတ်ပင်လယ်တွင် တရုတ်၏ အခိုင်အမာထုတ်ပြန်မှုများအား တန်ပြန်ရန် အမေရိကန်က ပုံမှန်အသုံးပြုလေ့ရှိသည့် အသုံးအနှုန်းဖြစ်သော 'လွတ်လပ်စွာ သွားလာခွင့်' ကို တရုတ်စက္ကူဖြူ စာတမ်းတွင် အသုံးပြုထားခဲ့သည်။ အာတိတ် ရေလမ်းကြောင်းများအား နိုင်ငံအားလုံးက အသုံးပြုခွင့်ရရှိသင့်ကြောင်း ယင်းစာတမ်းက တောင်းဆိုခဲ့သည်။

အာတိတ်ရေလမ်းကြောင်းများ ဖွံ့ဖြိုးမှုမှတစ်ဆင့် ဝင်ရိုးစွန်း ပိုးလမ်းမတည်ဆောက်ရန် တရုတ်သည် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ ယင်းအကြောင်းအရာအား တရုတ် နှင့် ရုရှားတို့က ဆွေးနွေးနေပြီဖြစ်ကြောင်း ကောင်က ပြောကြားခဲ့သည်။

 

Most Read

Most Recent