ထိုင်းစစ်အစိုးရက ရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းမှုကို ဖြူထိုင်းပါတီက ပြင်းပြင်းထန်ထန်ဝေဖန်

ထိုင်းစစ်အစိုးရက ရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းမှုကို ဖြူထိုင်းပါတီက ပြင်းပြင်းထန်ထန်ဝေဖန်
Published 27 January 2018

ဇန်နဝါရီ ၂၅ ရက်က ဘန်ကောက်ရှိ ပါလီမန်တွင် အစည်းအဝေး ကျင်းပနေမှုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AP)

ထိုင်းအာဏာသိမ်း စစ်အစိုးရက ရွေးကောက်ပွဲများအား ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့မှုကို အာဏာရ ပါတီဟောင်းဖြစ်သည့် ဖြူထိုင်းပါတီက ဇန်နဝါရီ ၂၆ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဗိုလ်ချုပ်ကြီးများသည် ရွေးကောက်ပွဲမတိုင်မီ ထောက်ခံမှုများ ခိုင်မာစေရန်အတွက် အချိန်ဆွဲနေကြောင်း စွပ်စွဲခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရွေးကောက်ခံဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ် အစိုးရအား ဖြုတ်ချခဲ့ပြီး နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု အားလုံးကို ပိတ်ပင်ထားခဲ့ပြီးနောက်ပိုင်း စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်များကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။

စစ်အစိုးရ၏ လက်ညှိုးထောင် ခေါင်းညိတ် ပါလီမန်က ဇန်နဝါရီ ၂၅ ရက်တွင် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ရန် မဲခွဲခဲ့ရာ ယခင်ကြေညာထားသည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထပ်မံရွှေ့ဆိုင်းရန် လမ်းပွင့်စေခဲ့သည်။ ရွေးကောက်ပွဲများအား သုံးလကြာ ထပ်မံရွှေ့ဆိုင်းနိုင်ပြီး ၂၀၁၉ ခုနှစ် တစ်ချိန်ချိန်၌ ကျင်းပဖြစ်ဖွယ်ရှိကြောင်း ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲနေ့ကို မထုတ်ပြန်ခဲ့ပေ။

၂၀၀၁ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သော်လည်း အထက်လွှာ ထောက်ခံသော အာဏာသိမ်းမှုများနှင့် တရားရုံး၏ စီရင်ချက်များဖြင့် ဖြုတ်ချခံခဲ့ရသော ဖြူထိုင်းပါတီက ယင်းကြေညာချက်အား အလျင်အမြန်ပင် ဝေဖန်ခဲ့သည်။ အာဏာသိမ်း စစ်အစိုးရသည် ရွေးကောက်ပွဲမတိုင်မီ အနိုင်ရနိုင်ရန် အနေအထားကို ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးဟောင်းနှင့် ဖြူထိုင်းပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ချာတူရွန်ချိုင်းဆန်းက ပြောကြားခဲ့သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲအပြီး အာဏာပြန်လည် ရရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် အချိန်ယူနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု အားလုံးကို ပိတ်ပင်ထားမှုအား ဖယ်ရှားပေးခြင်း မရှိသေးသော စစ်အစိုးရသည် တည်ဆဲပါတီအားလုံးကို အားနည်းစေရန် ကြိုးပမ်းနေပြီး ၎င်းတို့ခန့်အပ်ထားသည့် ဝန်ကြီးချုပ်တစ်ဦး သို့မဟုတ် စစ်ဘက် ကျောထောက်နောက်ခံပြု ပါတီအတွက် ထောက်ခံမှုများ ရရှိနိုင်ရန်လည်း ကြိုးစားနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

စုဆောင်းထားသော အကောင်းစား နာရီများအား ထုတ်ပြမှုကြောင့် Rolex General ဟု အမည်ပြောင် ရထားသော ဒုတိယဝန်ကြီး ချုပ်ပရာဝစ်ကို ပစ်မှတ်ထားသည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် စစ်အစိုးရသည် ပြင်းထန်သော ဝေဖန်မှုများ ကြုံတွေ့နေရစဉ် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည့် အကြောင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ ပရာဝစ်သည် Rolex နာရီ ၁၁ လုံး၊ Patek Philippe နာရီရှစ်လုံး၊ Richard Mille နာရီသုံးလုံးတို့ အပါအဝင် ဒေါ်လာ ၁ ဒသမ ၂ သန်းတန်ဖိုးရှိ နာရီ ၂၅ လုံးရှိကြောင်း သက်သေဓာတ်ပုံများကို အကျင့်ပျက်ခြစားမှုများအား ဖော်ထုတ်သော ထိုင်းဘာသာစကားဖြင့် ဖော်ပြသည့် CSILA အမည်ရ Facebook စာမျက်နှာတွင် ပြီးခဲ့သော ဒီဇင်ဘာနှောင်းပိုင်း၌ ဖော်ပြခဲ့သည်။

Ref : AFP

Most Read

Most Recent