ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီမှ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Governor Bill Richardson အား အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီမှ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Governor Bill Richardson အား အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်
Published 26 January 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီမှ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Governor Bill Richardson သည် ပုဂ္ဂလိက အကျိုးကိုရှေးရှုပြီး ဆောင်ရွက်လိုသည်မှာ ထင်ရှားသဖြင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာခီရိတ်ဆတ်သီယာထိုင်း ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့သည် နေပြည်တော်တွင် ၂၀၁၈၊ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃  ရက်တို့တွင် တွေ့ဆုံခဲ့ကြောင်း၊ အကြံပေးအဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၈ ဇန်နဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇန်နဝါရီ ၂၃ ရက်တွင်လည်းကောင်း၊ အသီးသီးတွေ့ဆုံခဲ့ကြောင်း၊ ဇန်နဝါရီ ၂၃ ရက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက အကြံပြုချက်များအပေါ် အကောင်အထည်ဖော်နေမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အကြံပေးအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် နှင့် ၂၅ရက်တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး မြေပြင်အခြေအနေများကို ကိုယ်တိုင်လေ့လာခဲ့ကြပြီး ဒေသခံများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင် ပကတိ မြေပြင်အခြေအနေနှင့် လျော်ညီစွာ တတ်နိုင်သမျှ အတိုတောင်းဆုံးအချိန်အတွင်း အကောင်အထည်ဖော်နိုင်ရေးအတွက် သံန္နိဌာန်ချထားကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လွတ်လပ်ပွင့်လင်းသည့် အကြံပြုချက်များရရှိရန်အတွက် အတွေ့အကြုံရှိသောပုဂ္ဂိုလ်များ ပါဝင်သည့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး နေပြည်တော်တွင် ဇန်နဝါရီ ၂၂ရက်၌ ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ Governor Bill Richardson ၏ အကြံပြုချက်များသည် ဒေါက်တာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အခြေခံပြီး အကြံပေးခြင်းမျိုး မဟုတ်ဘဲ ၎င်း၏ ပုဂ္ဂလိက အကျိုးကို ရှေးရှုပြီး ဆောင်ရွက်လိုသည်မှာ ထင်ရှားခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ယင်းကဲ့သို့ မတူညီသည့် ခံယူချက်များရှိခြင်းကြောင့် ၎င်းအား အကြံပေးအဖွဲ့တွင် ဆက်လက်ထည့်သွင်းပါဝင်စေခြင်းမှာ သက်ဆိုင်သူများ အားလုံးကို အကျိုးပြုမည်မဟုတ်သည့်အတွက် အကြံပေးအဖွဲ့တွင် ၎င်း၏ ပါဝင်မှုကို ရပ်စဲရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent