မြောက်ကိုရီးယားနှင့် တရားမဝင်ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဟောင်ကောင်ကို အမေရိကန်က သတိပေး

မြောက်ကိုရီးယားနှင့် တရားမဝင်ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဟောင်ကောင်ကို အမေရိကန်က သတိပေး
Published 26 January 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၈ ရက်က ဟောင်ကောင်ကျွန်းစုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

ကုလသမဂ္ဂ၏ ပိတ်ပင်မှုများကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနှင့် တရားမဝင် ကုန်သွယ်ရေး လုပ်ဆောင်နေမှုများအတွက် လုံခြုံသည့်ဆိပ်ကမ်းအဖြစ် အသုံးပြုခြင်း ခံနေရမှုများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ဟောင်ကောင်အာဏာပိုင်များကို အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက သတိပေးခဲ့သည်။

ဟောင်ကောင် အလံလွှင့်ထူထားသည့် သင်္ဘောတစ်စင်းသည် အခြားသင်္ဘောတစ်စင်းသို့ ရေနံထုတ်ကုန်များ လွှဲပြောင်းပေးနေသည်ကို တောင်ကိုရီးယားက ဖမ်းဆီးမိခဲ့မှုဖြစ်ပွားပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုသတိပေးချက် ထွက်ပေါ်လာခဲ့သည်။ ဟောင်ကောင်တွင် ကုမ္ပဏီများအနေနှင့် စာရင်းသွင်းရသည်မှာ အလွန်အမင်း လွယ်ကူနေပြီး အာဏာပိုင်များအနေနှင့် ထိုအခြေအနေကို တင်းကျပ်ရန်လိုအပ်သည်ဟု ဇန်နဝါရီ ၂၄ ရက်က ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ အကြီးအကဲဖြစ်သူစီဂယ် ပီ-မန်ဒယ်ကာက ပြောကြားခဲ့သည်။

ဟောင်ကောင်သည် ၎င်းတို့မြို့ထဲတွင် စီးပွားရေးလုပ်ဆောင်ရသည်မှာ လွယ်ကူအောင်လုပ်ပေးထားခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူလေ့ရှိသည်။ ဇန်နဝါရီ ၂၄ ရက် အမေ ရိကန်ဘက်မှ ပြောကြားမှုနှင့်ပတ်သက်၍ ဟောင်ကောင်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

နိုင်ငံတကာ ဘဏ္ဍာရေးစနစ်နှင့် တရားမဝင် အဆက်အသွယ်ရှိသည့် မြောက်ကိုရီးယား ဘဏ္ဍာရေးဆောင်ရွက်သူများ၊ ဘဏ်ကိုယ်စားလှယ်များကို နှင်ထုတ်ရန် တရုတ်အစိုးရကို ဖိအားပေးထားကြောင်းလည်း မန်ဒယ်ကာက ပြောကြားခဲ့သည်။

ကင်ဂျုံအွန်အစိုးရကို ထောက်ပံ့ပေးနေသည်ဟုဆိုကာ မြောက်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီများ၊ တစ်ဦးချင်းများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ခဲ့သည်။ ရေနံသတ္တုနှင့် လျှပ်စစ်ပစ္စည်းများကဲ့သို့သော မြောက်ကိုရီးယားစီးပွားရေးအတွက် အရေးကြီးသည့် ကုန်ကြမ်းများနှင့် ကုန်ပစ္စည်းများကို အမေရိကန်က ပိတ်ပင်ရန် ကြိုးပမ်းနေချိန်တွင် အမေရိကန် ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်၊ ရုရှားနှင့် ကျန်နိုင်ငံများရှိ တရားမဝင် ဆောင်ရွက်နေသူများကို အမေရိကန်အစိုးရက ပစ်မှတ်ထားနေပြီး မြောက်ကိုရီးယား ဘဏ္ဍာရေးကွန်ရက်များကိုယ်စား ဆောင်ရွက်ပေးသည့် မည်သူ့ကိုမဆို အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတိနျူချင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပိတ်ဆို့အရေးယူမှု ချမှတ်ခံခဲ့ရသူများ စာရင်းတွင် မြောက်ကိုရီးယား ကာကွယ်ရေး ပစ္စည်းလုပ်ငန်းအတွက် ဝယ်ယူရောင်းချမှုများ ဆောင်ရွက်ပေးနေသော Korea Ryonbong General Corporation မှ ကိုယ်စားလှယ် ၁၀ ဦး ပါဝင်ခဲ့သည်။

မြောက်ကိုရီးယားနှင့် နယ်စပ်တရုတ်မြို့များတွင် အခြေစိုက်ပြီး မြောက်ကိုရီးယားသို့ ကုန်ပစ္စည်းများ တင်ပို့ပေးရန် ကူညီဆောင်ရွက်နေသူ အများစုကို အမေရိကန်က အရေးယူခဲ့ခြင်း ဖြစ်သည်။ တရုတ်မြို့များဖြစ်သည့် တာ့လျန်၊ ရှန်းယန်နှင့် ရုရှား၏ ဗလာဒီဘော့ စတော့မြို့များတွင် မြောက်ကိုရီးယားဘဏ်များအတွက် ဆောင်ရွက်ပေးနေသူငါးဦးနှင့် တရုတ်ကုမ္ပဏီနှစ်ခုတို့ကိုလည်း အမေရိကန်က ပိတ်ဆို့အရေးယူခဲ့သည်။

Ref ; AFP

Most Read

Most Recent