ဝေဖန်သူ ဥရောပဥပဒေပြု အမတ်များအား ‘ရူးသွပ်သူများ’ ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

မတ် ၁၃ ရက်က မနီလာရှိ သမ္မတနန်းတော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော ဖိလစ်ပိုင်သမ္မတ ဒူတာတေး (Photo - AP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဥရောပ ဥပဒေပြုအမတ်များသည် “ရူးသွပ်သူများ” ဟု ပြောကြားခဲ့ပြီး သူ၏မူးယစ်ဆေးစစ်ပွဲအား ဝေဖန်မှုကို တုံ့ပြန်ခဲ့သည်။ ဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲတွင် ဥပဒေမဲ့ သတ်ဖြတ်မှုများ အလွန်မြင့်မားခြင်းကို ဥရောပ ပါလီမန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် မတ် ၁၉ ရက်ညက ပြောကြားသော မိန့်ခွန်း၌ ဒူတာတေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီအရူးတွေကို ကျွန်တော် နားမလည်ဘူး။ ကျွန်တော်တို့ကို ဘာကြောင့်ပြဋ္ဌာန်းဖို့ ကြိုးစားနေတာလဲ။ ကိုယ့်အလုပ် ကိုယ်မလုပ်ကြဘူးလား” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဒူတာတေးသည် ယမန်နှစ်က သမ္မတ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သည်။ လူ ၂၅၀၀ ကျော်အား သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားပြီး မူးယစ်ဆေးတိုက်ဖျက်ရေး စစ်ပွဲနှင့်ဆက်နွှယ်၍ သေဆုံးသူ ၅၀၀၀ ကျော်ရှိထားသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားထားသည်။

ဒူတာတေးသည် လူလူချင်းရာဇ၀တ်မှု ကျူးလွန်ခြင်းကို ကြီးကြပ်နေပြီး ရဲတပ်ဖွဲ့သည် လျှို့ဝှက်လက်မရွံ့ အဖွဲ့အား ဦးစီးဆောင်ရွက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW နှင့် Amnesty International တို့က သတိပေးထားသည်။ ဒူတာတေးက သူ၏လုံခြုံရေးတပ်ဖွဲ့များအား ဥပဒေချိုးဖောက်ရန် စေခိုင်းခြင်းမရှိကြောင်း အခိုင်အမာ ငြင်းဆိုထားသည်။ ထို့ပြင် ဒူတာတေးသည် မူးယစ်ဆေးစွဲသူ သန်းပေါင်းများစွာအား သတ်ဖြတ်မည်ဟု ရံဖန်ရံခါ ပြောကြားပြီး လူသတ်မှု ကျူးလွန်သောရဲများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒူတာတေးက မြို့တော်နေပြည်တော်တွင် ဖိလစ်ပိုင်များနှင့် စုဝေးတွေ့ဆုံပွဲ၌ မိန့်ခွန်းပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲတွင် နောက်ထပ်လူအမြောက်အမြား သေဆုံးမည်ဟု သတိပေးခဲ့သည်။

“လူတွေအများကြီး သေဦးမှာပါ။ ကျွန်တော်က ရပ်တန့်မှာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်မှာ နောက်ဆုံးကျန်တဲ့ မူးယစ်ဆေးခေါင်းဆောင် သေဆုံးတဲ့အထိ၊ လမ်းပေါ်က ဆေးသမားတွေ မကျန်တော့တဲ့အထိ ကျွန်တော်က ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲက ဆင်းရဲသူများကို ပစ်မှတ်ထားနေကြောင်း ဝေဖန်မှုများနှင့်ပတ်သက်၍ ဒူတာတေးက မူးယစ်ဆေးကုန်သည်ကြီးများသာမက လမ်းပေါ်မှ မူးယစ်ဆေး ရောင်းသူများကိုပါ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။                               

Writer: 
Ref: AFP