တူရကီက ဆီးရီးယားရှိ ကာ့ဒ်များအား ထိုးစစ်ဆင်မှုကို အရှိန်မြှင့်

တူရကီက ဆီးရီးယားရှိ ကာ့ဒ်များအား ထိုးစစ်ဆင်မှုကို အရှိန်မြှင့်
Published 24 January 2018

ဇန်နဝါရီ ၂၂ ရက်က တူရကီနယ်စပ်အနီး ဆီးရီးယားမြို့အဇက်တွင် တူရကီစစ်ကားများအား တွေ့ရစဉ် (Photo: AFP)

ကာ့ဒ်ပြည်သူ့စစ်များအား ထိုးစစ်ဆင်မှုသည် နောက်ပြန်လှည့်မည်မဟုတ်ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ကတိပြုခဲ့ချိန်တွင် တူရကီသည် ဇန်နဝါရီ ၂၁ ရက်၌ ဆီးရီးယားကာ့ဒ် ပြည်သူ့စစ်များအား ထိုးစစ်ဆင်မှုကို အရှိန်မြှင့်ခဲ့သည်။ ပြည်တွင်းစစ်ဖြစ်ပွားမှု ခုနစ်နှစ်ပြည့်ရန် နီးကပ်လာပြီဖြစ်သော ဆီးရီးယားတွင် ဒုတိယအကြိမ် ဝင်ရောက်စွက်ဖက်မှုအဖြစ် တူရကီသည် ဇန်နဝါရီ ၁၉ ရက်တွင် Olive Branch စစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။

တူရကီစစ်လေယာဉ်များနှင့် အမြောက်တပ်များ ထောက်ကူမှုဖြင့် အင်ကာရာထောက်ခံသည့် ဆီးရီးယားသူပုန်များနှင့် တူရကီတင့်ကားများပါဝင်သော အဓိကမြေပြင်ထိုးစစ်ဆင်မှုသည် Afrin နယ်မြေမှ People's Protection Units (YPG) ပြည်သူ့စစ်များအား ဖယ်ရှားရန်ဖြစ်သည်။

YPG သည် အကြမ်းဖက်အဖွဲ့ဖြစ်ပြီး တူရကီအစိုးရအား ဆယ်စုနှစ်သုံးခုကြာ တိုက်ခိုက်လာခဲ့သော ကာ့ဒ်အလုပ်သမားပါတီ၏ ဆီးရီးယားအဖွဲ့ခွဲဖြစ်သည်ဟု တူရကီက ရှုမြင်ခဲ့သည်။

သို့သော် ဆီးရီးယားရှိ IS ဂျီဟတ်များအား တိုက်ထုတ်ရန် ဝါရှင်တန်က YPG အဖွဲ့ကိုမှီခိုနေပြီး ကာ့ဒ်ပြည်သူ့စစ်များက ဆီးရီးယားမြောက်ပိုင်းရှိ နေရာအများအပြားအား ယခုအခါ ထိန်းချုပ်ထားချိန်တွင် ယင်းစစ်ဆင်ရေးသည် အလွန်အမင်းထိရှလွယ်သည့် အနေအထားဖြစ်နေသည်။

ဆီးရီးယားသို့ စစ်ဆင်ရေးအတွင်း တူရကီမြေပြင်တပ်ဖွဲ့များသည် ရွာ ၁၅ ရွာနှင့် အခြားနေရာများအား သိမ်းယူခဲ့ပြီးဖြစ်ကြောင်း တူရကီအစိုးရသတင်းအေဂျင်စီ Anadolu ကဖော်ပြခဲ့သည်။

တူရကီအမြောက်တပ်များက ဆီးရီးယားနိုင်ငံထဲရှိ YPG ပစ်မှတ်များအားပစ်ခတ်ခဲ့ပြီး မြေပြင်တပ်ဖွဲ့များက Afrin မှ အရှေ့ဘက်စွန်းသို့ စစ်မျက်နှာသစ်ဖွင့်ခဲ့ကြောင်း ယင်းသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အရှေ့တောင်ဘက်ရှိ နယ်စပ်မြို့ဂူဘာဘာတွင် YPG များနှင့်တိုက်ခိုက်မှုများအတွင်း တူရကီစစ်သားတစ်ဦး ပထမဆုံးအကြိမ် သေဆုံးခဲ့ရဟု တူရကီစစ်ဘက်က ကြေညာခဲ့သည်။ တူရကီ၏တိုက်ခိုက်မှုများနှင့် ကာ့ဒ်များ၏ နှစ်ကြိမ်ထက်ပိုသော ပြန်လည်တိုက်ခိုက်မှုများအတွင်း ဆီးရီးယားအရပ်သား ၂၂ ဦးသေဆုံးခဲ့ရဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အင်ကာရာထောက်ခံသည့် သူပုန် ၁၉ ဦးနှင့် ကာ့ဒ်တိုက်ခိုက်ရေးသမား ၂၆ ဦးတို့အပါအဝင် ဆီးရီးယားတိုက်ခိုက်ရေးသမား ၅၄ ဦးသေဆုံးခဲ့ပြီး ကိုးဦးမှာမူ မည်သူမည်ဝါမှန်းမသိရသေးဟု ယင်းစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရှုပ်ထွေးသောစစ်ဆင်ရေးအပြင် တူရကီသည် မဟာမိတ်များအား ဆုံးရှုံးရမှုနှင့် ရန်သူများအား ရန်စမှုများမဖြစ်စေရန်အတွက် ထိရှလွယ်သည့် သံတမန်ရေးရာအခင်းအကျင်းကိုလည်း ရင်ဆိုင်နေရသည်။ မကြာသေးမီလများအတွင်း IS ဂျီဟတ်များအား နှိမ်နင်းမှုများသည် အောင်မြင်မှုတစ်သီတစ်တန်း ရရှိခဲ့ပြီးနောက် YPG အား ထိုးစစ်ဆင်မှုသည် ဂျီဟတ်အဖွဲ့အား အမြစ်ဖြတ်နှိမ်နင်းမှုမှ အာရုံလွဲသွားမည်ကို အနောက်နိုင်ငံများက စိုးရိမ်နေသည်။

Most Read

Most Recent