ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးသည် စီစဉ်ထားသည့်အတိုင်း ဇန်နဝါရီ ၂၃ ရက်တွင် စတင်နိုင်မည် မဟုတ်ဟု ဘင်္ဂလားဒေ့ရှ် ပြောကြား

ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးသည် စီစဉ်ထားသည့်အတိုင်း ဇန်နဝါရီ ၂၃ ရက်တွင် စတင်နိုင်မည် မဟုတ်ဟု ဘင်္ဂလားဒေ့ရှ် ပြောကြား
Published 23 January 2018

ဇန်နဝါရီ ၂၁ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ သန်ခါလီဒုက္ခသည်စခန်းတွင် အကူအညီများအား ရယူရန် တန်းစီနေကြသော ဘင်္ဂါလီမွတ်စလင်များ (Photo: AFP)

သိန်းနှင့်ချီသော ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မှုအား စတင်ရန် သတ်မှတ်ထားသည့် ဇန်နဝါရီ ၂၃ ရက်သည် ကြန့်ကြာနေလိမ့်ဦးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တစ်ဦးက ဇန်နဝါ ရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ သူက လွှဲ ပြောင်းပေးရေးစခန်းများကို ပြင်ဆင်ရန် နှင့် နေရပ် ပြန်မည့်သူများစာရင်းကို အတည်ပြုရန် ဧရာမလုပ်ငန်းတာဝန်ကြီးများ ရှိမှုတို့ကြောင့်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုက္ခသည်များ သက်သာချောင်ချိရေးနှင့် ပြန်လည်လွှဲပြောင်းပေးရေး မဟာမင်းကြီး အဘူကာလမ်အေဇက်က မငြိမ်မသက်မှုများနှင့် တပ်မတော် စစ်ဆင်ရေးတစ်ရပ်တို့ကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဒုက္ခသည် ၇၅၀,၀၀၀ ခန့်အား ပြန်လည်လွှဲပြောင်းပေးရန် ၎င်း၏ နိုင်ငံနှင့် မြန်မာနိုင်ငံတို့က ပြန်လည်စတင်ရန် စီစဉ်ထားသည့် နေ့ရက်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

“မနက်ဖြန်မှာ လူတွေကို ပြန်ပို့ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကျွန်တော်တို့ လုပ်မပြီးသေးပါဘူး။ ပြင်ဆင်မှုတွေအများကြီး လိုအပ်နေဆဲပါပဲ” ဟု အေဇက်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

လွှဲပြောင်းပေးရေးစခန်းများ တည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံက စိစစ်အတည်ပြုရန်အတွက် နေရပ်ပြန်နိုင်ဖွယ်ရှိသူများစာရင်း ပြုစုပေးခြင်းတို့ အပါအဝင် ပြန်လည်လွှဲပြောင်းပေးရေး မစတင်နိုင်မီ ပြင်းထန်သည့် လုပ်ငန်းစဉ်တစ်ရပ် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လွှဲပြောင်းမပေးမီ ဒုက္ခသည်များ ယာယီနေထိုင်ရမည့် လွှဲပြောင်းပေးရေး စခန်းတည်ဆောက်ရန် နယ်စပ်အနီးရှိ ဖြစ်နိုင်ဖွယ်နေရာနှစ်ခုကို သက်ဆိုင်ရာ အာဏာပိုင်များက သတ်မှတ်ပြီးဖြစ်သည်ဟု အေဇက်က ပြောကြားခဲ့သည်။

“ဒါတွေမပြီးဘဲ လူတွေကို ရုတ်တရက်ကြီး ကျွန်တော်တို့ ပြန်ပို့နိုင်မှာမဟုတ်ပါဘူး။ ဒီလုပ်ငန်းက ဆောင်ရွက်ဆဲပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြန်လည်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးစီးရန် နှစ်နှစ်အချိန်ယူရလိမ့်မည်ဟု မျှော်လင့်ထားသည်။

လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂတို့က နှစ်နိုင်ငံ နယ်စပ်အနီးရှိ ကြပ်ညပ်နေသော စခန်းများတွင် စိတ်ပျက်ဖွယ်အနေအထားများကို ရင်ဆိုင်နေရသည့် ဒုက္ခသည်များအား ပြန်လည်လွှဲပြောင်းပေးခြင်းသည် ၎င်းတို့၏ သဘောဆန္ဒအလျောက်သာ ဖြစ်ရမည်ဟု ပြောကြားထားသည်။

ဒုက္ခသည်အများအပြားက သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အိမ်များကို မီးရှို့တိုက်ခိုက်ခြင်းတို့အပါအဝင် ရက်စက်ကြမ်းကြုတ် မှုများအကြောင်း ပြောပြလျက် နေရပ်ပြန်ပို့ နိုင်ခြေကို ဆန့်ကျင်ကာ ဆန္ဒပြခဲ့ကြသည်။

ဘင်္ဂါလီမွတ်စလင်တို့၏ နေအိမ်များကို တပ်မတော်သားများနှင့် ဗုဒ္ဓဘာသာလူရမ်းကားတို့က ပြာကျသည်အထိ မီးရှို့ပစ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ အနေအထားများ နှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီပါဝင်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာ အသိုင်းအဝိုင်းအား နှစ်သိမ့်ပြောကြားထားသည်။

Most Read

Most Recent