w တိုကျိုတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် စစ်ပွဲကာလအသွင် လေ့ကျင့်မှုပြုလုပ် - Eleven Media Group <

တိုကျိုတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် စစ်ပွဲကာလအသွင် လေ့ကျင့်မှုပြုလုပ်

ဇန်န၀ါရီ ၂၂ ရက်က တိုကျိုတွင် ပဲ့ထိန်းဒုံးပစ်လွှတ်စဉ် အကာအကွယ်ယူသည့် လေ့ကျင့်မှု၌ ပါဝင်နေကြသူများ (Photo: AFP)

မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းအတွက် တင်းမာမှုများ ဆက်လက် မြင့်တက်နေစဉ် တိုကျိုတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်ပွဲကာလ တိုက်ခိုက်ခံရမှုပုံစံအတွက် အကာအကွယ်ယူသည့် လေ့ကျင့်မှုကို ဇန်န၀ါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

တိုကျိုရှိ အပန်းဖြေကစားကွင်းတစ်ခုတွင် ပြုလုပ်ခဲ့သော ယင်းလေ့ကျင့်မှု၌ ဒုံးတစ်စင်းပစ်လွှတ် လိုက်ပြီဖြစ်ကြောင်း သတင်းရခဲ့ကြောင်း၊ အဆောက်အအုံ သို့မဟုတ် မြေ အောက်ခိုလှုံရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းကြောင်း အသံချဲ့စက်တစ်ခုမှ သတိပေး ချက်ထုတ်ပြန်ခဲ့ရာ ရာပေါင်းများစွာသော ဒေသခံများသည် အကာအကွယ်ဆီသို့ အလျင်အမြန် ပြေးလွှားပုန်းခဲ့ကြကြောင်း သိရသည်။ ဒေသခံနှင့် ရုံးဝန်ထမ်း ၂၅၀ ခန့်ကို အခိုင်အခံ့ပြုလုပ်ထားသော ကွန်ကရိအဆောက်အအုံများနှင့် အနီးရှိ မြေအောက်ဘူတာရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြစဉ် ကစားကွင်း ၀န်ထမ်းတစ်ဦးကလည်း ဒုံးတစ်စင်းပစ်လွှတ်လိုက်ကြောင်း ပြေးလွှား၍ အော်ဟစ်သတိပေးခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် ဒုံးကျည် ဖြတ်သန်းသွားပြီဖြစ်ကြောင်း၊ ယင်းဒုံးသည် ကန်တိုဒေသကိုကျော်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ကျသွားပြီဟု ယူဆရကြောင်း ယင်းအသံချဲ့စက်က ဒုတိယအကြိမ် သတင်းစကား ထုတ်ပြန်ခဲ့သည်။

ငလျင်မကြာခဏ လှုပ်ခတ်မှုကြုံရသော ဂျပန်တွင် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုများအား သရုပ်ဖော်၍ ဘေးလွတ်ရာသို့ရွှေ့ပြောင်းသည့်လေ့ကျင့်မှုများကို ပြည်သူများက ရင်းနှီးနေပြီဖြစ်သည်။ မြောက်ကိုရီးယား ဒုံးပစ်ခတ်မှုအသွင် အလားတူ လေ့ကျင့်မှုများကို ဂျပန်ရှိနေရာ အချို့တွင် လေ့ကျင့်ခဲ့ပြီးဖြစ်သော်လည်း တိုကျိုတွင် ယင်းကဲ့သို့ လေ့ကျင့်မှုသည်  အသစ်အဆန်းဖြစ်နေဆဲဖြစ်သည်။

မြောက်ကိုရီးယားသည် ဒေသတွင်း၌ အမေရိကန်၏ အဓိကမဟာမိတ်တစ်နိုင်ငံဖြစ်သော ဂျပန်ကို ပင်လယ်ထဲသို့ နှစ်မြှုပ်ပစ် ပြီး ပြာပုံဖြစ်စေရမည်ဟု ခြိမ်းခြောက်ထားခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ပြုံယမ်းသည် ဂျပန် ကိုကျော်၍ ဒုံးနှစ်စင်း ပစ်လွှတ်ခဲ့ပြီး အခြား ဒုံးများသည် ဂျပန်အနီး ရေပြင်ထဲသို့ ကျရောက်ခဲ့ရာ ဒေါသထွက်မှုနှင့် ထိတ်လန့်မှု များ ဖြစ်ပေါ်စေခဲ့သည်။ မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးပစ်လွှတ်သည့်အချိန်တိုင်း ဂျပန်တွင် မိုဘိုင်းဖုန်းများနှင့် လမ်းပေါ်ရှိအသံချဲ့စက်များမှ တစ်ဆင့် တပ်လှန့်လေ့ရှိသည်။ သို့သော် လူအများအပြားက ယင်းသတိပေးစနစ်သည် နျူကလီးယားတိုက်ခိုက်မှုအတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အချိန် အနည်းငယ်သာရပြီး အဆောက်အအုံအနည်းငယ်သာ ကျန်ရှိနိုင်သဖြင့် အသုံးမ၀င်ကြောင်း ပြောကြားခဲ့ကြသည်။

January 22, 2018














Copy Protected by Chetan's WP-Copyprotect.