ထရန့်၏ သမ္မတသက်တမ်း တစ်နှစ်ပြည့်၌ အစိုးရရပ်ဆိုင်းခြင်း၊ ဆန္ဒပြခြင်းတို့ဖြင့် ရုပ်ပျက်ခဲ့ရ

ထရန့်၏ သမ္မတသက်တမ်း တစ်နှစ်ပြည့်၌ အစိုးရရပ်ဆိုင်းခြင်း၊ ဆန္ဒပြခြင်းတို့ဖြင့် ရုပ်ပျက်ခဲ့ရ
Published 21 January 2018

ဇန်နဝါရီ ၂၀ ရက်က ဝါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ်အနီး၌ ဆန္ဒပြရန် လူများစုဝေးနေကြသည်ကို တွေ့ရစဉ် (Photo - AFP)

အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်သော ဒေါ်နယ်ထရန့်၏ ပထမဆုံး တစ်နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည့် ဇန်နဝါရီ ၂၀ ရက်မှာ ကသောင်းကနင်းဖြစ်မှုတို့ဖြင့် ရုပ်ပျက်ခဲ့ရသည်။ လွှတ်တော်အမတ်များသည် အစိုးရရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ အပြန်အလှန် ခါးခါးသီးသီးပြစ်တင်ခဲ့ကြပြီး နိုင်ငံတစ်ဝန်းတွင်လည်း ကြီးမားသည့် ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်က ပိတ်ခဲ့ရသည့် ဖက်ဒရယ်နေရာများအနက် ကျော်ကြားသော လေဘာတီရုပ်တုကြီးလည်း ပါဝင်ခဲ့သည်။ သို့သော် တနင်္လာနေ့နံနက် (ဇန်နဝါရီ ၂၂) အထိ ထိုအစိုးရရပ်ဆိုင်းမှုကြီး၏ အကျိုးသက်ရောက်မှုမှာ အပြည့်အ၀ ပေါ်လာဦးမည် မဟုတ်ပေ။ အဆိုပါ ဇန်နဝါရီ ၂၂ ရက်တွင်မူ အစိုးရဝန်ထမ်း ထောင်ပေါင်းများစွာသည် လုပ်ခလစာ တစ်စုံတစ်ရာမှမရရှိဘဲ အိမ်မှာပင် ဆက်လက်နေကြရမည် ဖြစ်သည်။

ထိုဖြစ်နိုင်ခြေများကို ရှောင်ရှားရန်အတွက် ထိပ်တန်း ရီပက်ဘလီကင်ဆီးနိတ်အမတ် မစ်ချ်မက်ကွန်နေးသည် ဇန်နဝါရီ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ရန်ပုံငွေကိစ္စနှင့်ပတ်သက်၍ အဓိကကျသည့် မဲခွဲမှုတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်။

တစ်ချိန်တည်းမှာပင် အဓိကကျသော အမေရိကန်မြို့ကြီးများ၏ လမ်းများပေါ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်း၏ မူဝါဒကိုဆန့်ကျင်သည့်အနေဖြင့် လူထောင်နှင့်ချီပါဝင်သော ချီတက်ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်ခဲ့ရာ အမေရိကန်ပြည်ထောင်စုအတွင်းမှ နက်ရှိုင်းသည် နိုင်ငံရေးနှစ်ခြမ်းကွဲမှုကြီးကို သိသာထင်ရှားစေခဲ့သည်။

“ဒါဟာ ကျွန်တော် သမ္မတဖြစ်မှုရဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည် ဖြစ်ပါတယ်။ ဒီမိုကရက်တွေကတော့ ကျွန်တော့်ကို လက်ဆောင်ကောင်းကောင်း ပေးချင်နေကြပါတယ်” ဟု ထရန့်က အစိုးရရပ်ဆိုင်းမှုကြီးကို ရည်ညွှန်းပြီး Twitter ပေါ်တွင် ရေးသားခဲ့သည်။ ထရန့်သည် သမ္မတသက်တမ်း တစ်နှစ်ပြည့်ကို မူလက ၎င်း၏ Mar - a - Lago အပန်းဖြေစခန်းတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဝါရှင်တန်တွင်သာ ဆက်လက်ရှိနေခဲ့ရသည်။

“ဒီမိုကရက်တွေဟာ ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့စစ်တပ် ဒါမှမဟုတ် အန္တရာယ်များလှတဲ့ တောင်ပိုင်းနယ်စပ်ရဲ့ လုံခြုံရေးထက် တရားမဝင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကိစ္စကို အများကြီး ပိုစိတ်ပူနေပါတယ်”ဟုလည်း ထရန့်က Twitter တွင် ရေးသားခဲ့သေးသည်။ ထို့ပြင် ထရန့်က အတိုက်အခံ ဒီမိုကရက်တို့သည် စစ်ဓားစားခံကို ထိန်းသိမ်းထားသည်ဟုလည်း စွပ်စွဲသွားခဲ့သည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမေရိကန် ပြည်ထောင်စုတွင် အစိုးရရပ်ဆိုင်းမှုကြီး လေးကြိမ်ဖြစ်ခဲ့ဖူးသည်။ နောက်ဆုံးတစ်ကြိမ်မှာ ၂၀၁၃ ခုနှစ်ကဖြစ်ပြီး ထိုစဉ်က အစိုးရဝန် ထမ်း ၈၀၀,၀၀၀ ကျော်မှာ ယာယီအလုပ်ရပ် နားခဲ့ရသည်။

ဒေါ်နယ်ထရန့်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ

အမေရိကန်အမတ်များသည် အစိုးရ ရန်ပုံငွေကိစ္စနှင့် ပတ်သက်၍ နပန်းလုံးနေကြစဉ် လော့အိန်ဂျလိစ်၊ နယူးယောက်၊ ဝါရှင်တန်အပါအဝင် အမေရိကန်မြို့ကြီးများတွင် ဒေါ်နယ်ထရန့်ကို ဆန့်ကျင်ကြောင်း၊ အမျိုးသမီးများ အခွင့်အရေးကို ထောက်ခံကြောင်း ဖော်ပြသည့် ဆန္ဒပြပွဲကြီးများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုဆန္ဒပြပွဲကြီးများနှင့်ပတ်သက်၍မူ ထရန့်က လူများကို လမ်းပေါ်မှ စွန့်ခွာပြီး ပြီးခဲ့သည့် ၁၂ လအတွင်းဖြစ်ပေါ်ခဲ့သော ကြွယ်ဝမှုများ၊ မကြုံစဖူး စီးပွားရေးအောင်မြင်မှုများနှင့် သမိုင်းမှတ်တိုင်များအတွက် အောင်ပွဲခံကြရန် Twitter ပေါ်တွင် ရေးသားတိုက်တွန်းခဲ့သည်။ ထိုဆန္ဒပြပွဲကြီးများအတွင်း ဟောလိဝုဒ်မှ ထင်ရှားသူများစွာလည်း ပါဝင်ခဲ့ကြသည်။

Ref; AFP

Most Read

Most Recent