Facebook က အသုံးပြုသူများအား သတင်းရင်းမြစ်များအပေါ် ယုံကြည်မှုအဆင့် သတ်မှတ်ခွင့်ပြုမည်

Facebook က အသုံးပြုသူများအား သတင်းရင်းမြစ်များအပေါ် ယုံကြည်မှုအဆင့် သတ်မှတ်ခွင့်ပြုမည်
Published 21 January 2018

ဇန်နဝါရီ ၄ ရက်က ဘရာဇီးရှိ စားသောက်ဆိုင်တစ်ဆိုင်၌ Facebook အသုံးပြုနေသူတစ်ဦး (Photo -AP)

သတင်းအရင်းအမြစ်များအပေါ် ယုံကြည်နိုင်မှုနှင့်ပတ်သက်ပြီး အဆင့်သတ်မှတ်ပေးရန် Facebook က နှစ်ဘီလျံရှိသော ၎င်း၏ အသုံးပြုသူများကို တောင်းဆိုတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းသည် လူမှုကွန်ရက်အတွင်းမှ သတင်းအမှားများပျံ့နှံ့မှုကို တိုက်ဖျက်ရန် Facebook ၏နောက်ဆုံး ကြိုးပမ်းမှုလည်း ဖြစ်လာခဲ့သည်။

Facebook သည်သတင်းအမှားများကို ယင်း၏လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခွင့်ပြုပေးခဲ့သည့်အပေါ် ဝေဖန်မှုများနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ အပြောင်းအလဲကိစ္စများထွက်ပေါ်လာခြင်း ဖြစ်သည်။

Facebook တည်ထောင်သူ မက်ဇက်ကာဘတ်က ၎င်းတို့ကွန်ရက်သည် ယုံကြည်စရာကောင်းပြီး ဗဟုသုတအသိအမြင်ပေးကာ ဒေသတွင်းအကြောင်းအရာများကို  ဦးစားပေးသွားရန် ကြိုးပမ်းသွားမည်ဟု Facebook ပို့စ်တစ်ခုအတွင်း ဆိုခဲ့သည်။

“ယနေ့ခေတ်ကမ္ဘာမှာ တမင်တကာ သတင်းကြီးအောင် ဖန်တီးမှုတွေ၊ သတင်းအချက်အလက်အမှားတွေ၊ အယူဝါဒကွဲလွဲမှုတွေဟာ တအားကို များပြားပါတယ်။ သတင်းအချက်အလက်ပျံနှံ့မှုဟာ ဘယ်တုန်းကထက်မဆို လျင်မြန်စေဖို့ လူမှုမီဒီယာတွေဟာ ထောက်ကူပေးနေပါတယ်။ ကျွန်တော်တို့ဟာ ဒီပြဿနာတွေကို သတ်သတ်မှတ်မှတ် မတိုက်ဖျက်ဘူးဆိုရင် ဒါတွေကို ထပ်ချဲ့အောင် လုပ်မိသလို ဖြစ်နေပါလိမ့်မယ်” ဟု ဇက်ကာဘက်က ပြောကြားခဲ့သည်။

ယုံကြည်ရသည့် သတင်းရင်းမြစ် အဆင့်သတ်မှတ်ရေးသည် လာမည့်သီတင်းပတ်တွင် စတင်မည်ဖြစ်ပြီး တွေ့မြင်နေရသည့် သတင်းတို့မှာ အဆင့်မြင့်ကာအရည်အသွေးမီသည့် သတင်းဖြစ်စေရန် ရည်ရွယ်ကြောင်း ဇက်ကာဘက်က ပြောကြားခဲ့သည်။

ထိုသို့ လုပ်ဆောင်ရန်အတွက် Facebook သည် မန်ဘာစစ်တမ်းများအပေါ်တွင် အားထားသွားမည်ဟု ဆုံးဖြတ်ထားပြီး ယင်းသည် သတင်းရင်းမြစ်များအပေါ် ယုံကြည်နိုင်မှုအဆင့်သတ်မှတ်ရာ၌ ဓမ္မဓိဋ္ဌာန် အကျဆုံးနည်းလမ်းဟု ဇက်ကာဘတ်က ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ကိုယ်ဘာသာ ကိုယ်ဆုံးဖြတ်ဖို့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ သိပ်ပြီးသက်သောင့်သက်သာ မရှိတဲ့အတွက် အပြင်က ကျွမ်းကျင်သူတွေကို မေးမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ယခု အဆင့်သတ်မှတ်သည့် စနစ်သစ်သည် ပင်တိုင်ဖတ်ရှုသူ၊ကြည့်ရှုသူများသာ ယုံကြည်မှုရှိသည့် သတင်းအဖွဲ့အစည်းမှစ၍ လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရထားသော သတင်းအဖွဲ့အစည်းအထိ ခွဲခြားပေးသွားနိုင်ရန် မျှော်လင့်ကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent