ဆီးရီးယားနှင့် အီရတ်ရှိ IS အဖွဲ့ လာမည့်သီတင်းပတ်များအတွင်း ချေမှုန်းခံရနိုင်ဟု ပြင်သစ်သမ္မတပြောကြား

ဆီးရီးယားနှင့် အီရတ်ရှိ IS အဖွဲ့ လာမည့်သီတင်းပတ်များအတွင်း ချေမှုန်းခံရနိုင်ဟု ပြင်သစ်သမ္မတပြောကြား
Published 21 January 2018

ဇန်နဝါရီ ၁၉ ရက်က ပြင်သစ်တောင်ပိုင်း တိုတူးရေတပ်စခန်း၌ တိုက်ခိုက်ရေးသင်္ဘောပေါ်၌ ဒရုန်းပြသမှုကို ကြည့်ရှုနေသည့် ပြင်သစ်သမ္မတ မက်ခရွန် (လယ်)

ဆီးရီးယားနှင့် အီရတ်နိုင်ငံမှ IS အဖွဲ့သည် လာမည့်သီတင်းပတ်များအတွင်းမှာပင် စစ်ရေးအရ ရှုံးနိမ့်တော့မည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် မက်ခရွန်သည်ပြင်သစ်၏ကာ ကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အစီအစဉ်များကို ချပြသွားခဲ့သည်။

“ပါဝင်ခဲ့တဲ့ နိုင်ငံတွေအားလုံးရဲ့ အားစိုက်ထုတ်မှုကြောင့် IS အဖွဲ့ဟာ အလုံးစုံ ရှုံးနိမ့်လုနီးပါး ဖြစ်နေပါပြီ” ဟု မက်ခရွန်က နိုင်ငံတောင်ပိုင်းဆိပ်ကမ်း တိုလူးရှိ ရဟတ်ယာဉ် တင်သင်္ဘောတစ်စင်းပေါ်၌ မိန့်ခွန်း ပြောကြားမှုအတွင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

“လာမယ့် သီတင်းပတ်တွေအတွင်း မြေပြင်မှာ စစ်ရေးအောင်ပွဲတစ်ခု ကျွန်တော်တို့ရမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်မှု ရှိပါတယ်” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

“နှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ပဋိပက္ခတွေအပြီးမှာ တည်ငြိမ်ရေး၊ လူထုကို ကူညီရေး၊ ပြန်လည်တည်ဆောက်ရေးတို့အတွက် ကျွန်တော်တို့ မိတ်ဖက်တွေနဲ့အတူ ခိုင်ခိုင်မာမာ ကတိပြုဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

IS အဖွဲ့သည် တစ်ချိန်က ဆီးရီးယားနှင့် အီရတ်တို့တွင် ထိန်းချုပ်သည့် နယ်မြေအားလုံးနီးပါးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သည့်အပြင် ခေါင်းဆောင်အများအပြားမှာ အသတ်ခံခဲ့ရကာ တိုက်ခိုက်ရေးသမားများမှာလည်း ထွက်ပြေးနေရသည့် အခြေအနေ ဖြစ်နေသည်။

ပြင်သစ်သည် ထိုဒေသတွင်း၌တာဝန် ထမ်းဆောင်နေသော ၎င်း၏ ရာဖေးတိုက်ဂျက်လေယာဉ် ၁၂ စင်းထဲမှ နှစ်စင်းကို ပြန်လည်ရုပ်သိမ်းသွားပြီ ဖြစ်သည်။ စစ်သွေးကြွများကို တိုက်ခိုက်နေသည့် နိုင်ငံတကာ ညွန့်ပေါင်းအုပ်စုထဲတွင် လက်ရှိပါဝင်ထားသည့် ပြင်သစ်တပ်ဖွဲ့ဝင်ဦးရေမှာ ၁၂၀၀ ခန့်ရှိသည်။

တိုက်ခိုက်မှုစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည့်အပြင် ပြင်သစ်သည် ယခုနှစ်အတွင်း ဖွံ့ဖြိုးမှုများအတွက် ၎င်းတို့၏ ပါဝင်ထောက်ပံ့မှုများကို ပြင်ဆင်ညှိနှိုင်းသွားမည်ဟု ပြောကြားခဲ့သည်။ သို့သော် အသေးစိတ် အချက်အလက်များကို မထုတ်ပြန်ခဲ့ပေ။

ပြင်သစ်အစိုးရသည် ၂၀၁၈ ခုနှစ် အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ယူရို ၁ ဒသမ ၈ ဘီလျံတိုးမြှင့်လိုက်သည့်အတွက် စုစုပေါင်း ယူရို ၃၄ ဒသမ ၂ ဘီလျံ (အမေရိကန် ဒေါ်လာ ၄၂ ဘီလျံ) ဖြစ်သွားခဲ့သည်။ ပြင်သစ်ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ သုံးစွဲသွားရန် ကတိကိုလည်း မက်ခရွန်က ထပ်လောင်းပြောကြားသွားခဲ့သည်။ ကာကွယ်ရေး စရိတ်ကို နိုင်ငံ့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ သုံးစွဲရန် ၂၀၁၄ ခုနှစ်က နေတိုးအဖွဲ့ဝင်များ သဘောတူခဲ့ကြသည်။

မက်ခရွန်က တိုးမြှင့်လိုက်သည့် ကာကွယ်ရေး အသုံးစရိတ်ထဲတွင် ၎င်း၏ ငါးနှစ်ကြာ သက်တမ်းအတွင်း ပြင်သစ်၏ နျူကလီးယား လက်နက်များ သက်တမ်းတိုးရန် ပါဝင်သည်ဟုဆိုခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် နှစ် ၅၀ အတွင်းက နျူကလီးယား အဟန့်အတားသည် ပြင်သစ်ကာကွယ်ရေး မဟာဗျူဟာအတွင်း အဓိကကျခဲ့သည်ဟု ပြောဆိုသုံးနှုန်းသွားခဲ့သည်။

Ref ; AFP

Most Read

Most Recent