ပထမဆုံးကိုယ်ဝန်ရထားကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က ကြေညာ

ပထမဆုံးကိုယ်ဝန်ရထားကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က ကြေညာ
Published 20 January 2018

ဇန်နဝါရီ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲတွင် ကိုယ်ဝန်ရှိကြောင်းကြေညာနေသော နယူးဇီလန်ဝန်ကြီးချုပ် အာဒန်း (ယာ) (Photo: AFP)

နယူးဇီလန်ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန်းက သူသည် ဇွန်တွင် ပထမဆုံးကလေး မွေးတော့မည်ဟု မျှော်လင့်ထားကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာခဲ့ရာ တာဝန်ထမ်းဆောင်စဉ် ကလေးမွေးဖွားသည့် နယူးဇီလန်၏ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာမည်  ဖြစ်သည်။ ပြီးခဲ့သောအောက်တိုဘာတွင် တာဝန်စတင်ထမ်းဆောင်ခဲ့သည့် အသက် ၃၇ နှစ်ရှိ အာဒန်းက ကိုယ်ဝန်ကို ၎င်းနှင့် လက်တွဲဖော် ကလာ့ကီဂေးဖို့ဒ်တို့က မမျှော်လင့်ထားသော်လည်း စိတ်လှုပ်ရှားစရာကောင်းကြောင်း ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးစလုံး အလွန်ပျော်ရွှင်နေကြောင်း၊ မိသားစုဘဝကို လိုလားကြောင်း၊ သို့သော် ယင်းကဲ့သို့ ဖြစ်လာမည်ကို မသေချာခဲ့ကြောင်း အာဒန်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ဗဟို-လက်ဝဲယိမ်း လေဘာပါတီဥက္ကဋ္ဌ ရာထူးယူခဲ့ပြီးနောက် လပိုင်းအကြာတွင် ရွေးကောက်ပွဲအနိုင်ရခဲ့အပြီး အာဒန်းသည် သြဇာအလျင်အမြန် မြင့်တက်လာခဲ့သည်။

၂၀၁၇ ခုနှစ်သည် ကြီးမြတ်သောနှစ်ဟု ယူဆခဲ့ပြီး ယခုနှစ်တွင်မူ ၎င်းတို့သည် အခြား မိဘများကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းသည် ဝန်ကြီးချုပ်နှင့် မိခင်တစ်ဦးဖြစ်လာချိန်တွင် ကလာ့ကီက နေအိမ်၌ရှိသော ဖခင်ဖြစ်လာမည်ဖြစ်ကြောင်း အာဒန်းက ပြောကြားခဲ့သည်။

ကလေးမွေးပြီးလျှင် သီတင်းပတ် ခြောက်ပတ်ခန့် ခွင့်ယူမည်ဖြစ်ပြီး တစ်မူထူးခြားသော ဒုတိယဝန်ကြီးချုပ် ဝင်စတန်ပီတာ က ၎င်း၏ ရာထူးကို အစားထိုးထမ်းဆောင်မည်ဖြစ်ကြောင်း အာဒန်းက ပြောကြားခဲ့သည်။ ယင်းကာလအတွင်း ၎င်းကို ဆက်သွယ်နိုင်ပြီး ခေါ်ယူနိုင်မည်ဖြစ်ကြောင်း၊ ခွင့်ကာလအပြီး တာဝန်အားလုံးကို ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း အာဒန်းက ပြောကြားခဲ့သည်။

ပည်သူများက မဲမထည့်မီ သိခွင့်ရှိသည်ဟုဆိုလျက် ရုပ်သံတင်ဆက်သူတစ်ဦးက ရွေးကောက်ပွဲကာလအတွင်း အာဒန်းအား  မိသားစုအစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ကျား၊ မ ခွဲခြားမှုဆိုင်ရာ အချင်းများမှု ဖြစ်ပွားခဲ့သည်။ ယင်းမေးခွန်းသည် လက် သင့်မခံနိုင်စရာဖြစ်ပြီး ကိုယ်ဝန်ဆောင်မှုနှင့် ကလေးများအား ပြုစုပျိုးထောင်မှုတို့က အလုပ်ခွင်တွင် အမျိုးသမီးများ၏အခွင့်အလမ်းများကို အဟန့်အတား မဖြစ်သင့်ကြောင်း အာဒန်းက ဖြေကြားခဲ့သည်။

အမျိုးသမီးတစ်ဦးသည် ကလေးယူ၊ မယူကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီး ယင်းကိစ္စက ထိုအမျိုးသမီးအား အလုပ်အကိုင်ပေးရန် သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းများ ပေး၊ မပေးနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ချက်ချထားမှုမျိုး မဖြစ်သင့်ကြောင်းလည်း အာဒန်းက ပြောကြားခဲ့သည်။

လုပ်ကြံခံခဲ့ရသော ပါကစ္စတန်အမျိုးသမီး ဝန်ကြီးချုပ် ဘနာဇီယာဘူတိုသည်  ၁၉၉၀ ပြည့်နှစ်တွင် ကလေးမွေးဖွားခဲ့ပြီး တာဝန်ထမ်းဆောင်စဉ်အတွင်း ကလေးယူခဲ့သည့် ပထမဆုံး အစိုးရခေါင်းဆောင်ဖြစ်မည်ဟု ယူဆရသည်။