သြစတြေးလျက မောင်းသူမဲ့ လေယာဉ်ဖြင့် ပထမဆုံးပင်လယ်ပြင် အသက်ကယ်ဆယ်မှုပြုလုပ်

သြစတြေးလျက မောင်းသူမဲ့ လေယာဉ်ဖြင့် ပထမဆုံးပင်လယ်ပြင် အသက်ကယ်ဆယ်မှုပြုလုပ်
Published 20 January 2018

ဇန်နဝါရီ ၁၈ ရက်က မောင်းသူမဲ့လေယာဉ်မှနေ၍ လူငယ်နှစ်ဦးထံ ကယ်ဆယ်ရေးပစ္စည်း ချပေးနေစဉ် (Photo: AFP)

ဇန်နဝါရီ ၁၈ ရက်က ကယ်တင်ခံခဲ့ရသော သြစတြေးလျရေကူးသူနှစ်ဦးသည် သမုဒ္ဒရာထဲတွင် မောင်းသူမဲ့လေယာဉ်တစ်စင်းဖြင့် ပထမဆုံးအသက်ကယ်ခံခဲ့ရသူများ ဖြစ်လာခဲ့သည်။ ထိုစဉ်က ဝေဟင် အသက်ကယ်ယာဉ်သည် လှိုင်းကြမ်းနေသောရေပြင်သို့ ရောက်ရှိနေပြီး ဘေးဒုက္ခရောက်နေသည့် ဆယ်ကျော်သက်နှစ်ဦးကို ကယ်ဆယ်ရေး ကိရိယာတစ်ခု ချပေးခဲ့ခြင်းဖြစ်သည်။

သြစတြေးလျသည် ရေလွှာလှိုင်းစီးသူများအတွက် အသက်ကယ်မှုဆိုင်ရာနည်းပညာ အသုံးပြုမှုတွင် ထိပ်ဆုံး၌ ရှိနေသည်။ နိုင်ငံတစ်ဝန်းရှိ ပင်လယ်ကမ်းစပ်များတွင် ဒါဇင်နှင့်ချီသော မောင်းသူမဲ့လေယာဉ်များ ကိုလည်း စမ်းသပ်အသုံးပြုနေသည်။

ဇန်နဝါရီ ၁၈ ရက်က ကွင်းစ်လန်းအနီးရှိ နယူးဆော့ဝေးထဲမှ လင်နော့ဟတ်ဒ်ကမ်းလွန်ပင်လယ်ပြင်တွင် ယောကျ်ားလေးနှစ်ဦးမှာ ရေကူးနေကြစဉ် လှိုင်းများသည် သုံးမီတာ (၁၀ ပေ) အထိ မြင့်တက်လာခဲ့သည်။ ကမ်းခြေပေါ်မှ လူများသည် ပင်လယ်ကမ်းခြေစောင့်များကို အသိပေးခဲ့ရာမှ ၎င်းတို့က တစ်ဆင့်ပြန်လည်၍ မောင်းသူမဲ့လေယာဉ်မောင်းနှင်သူကို ပြောခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ဝေဟင်အသက်ကယ်ယာဉ်သည် ခဏအကြာတွင် ထိုနှစ်ဦးထံသို့ ရောက်သွားနိုင်ခဲ့သည်။

“လေယာဉ်ကို လွှတ်တာရယ်၊ အဲဒီနေရာကို သွားတာရယ်၊ ကယ်ဆယ်ရေးပစ္စည်းကို ချပေးတာရယ် စုစုပေါင်းကြာချိန်ဟာ တစ်မိနစ်၊ နှစ်မိနစ်လောက်ပဲရှိပါတယ်” ဟု ကမ်းခြေစောင့် ကြီးကြပ်ရေးမှူး ဂျိုင်ရှာရီ ဒန်က Glod Coast Bulletin သတင်းစာသို့ ပြောကြားခဲ့သည်။ အတွေ့အကြုံကြောင့် အနည်းငယ်ပင်ပန်းသည်မှလွဲ၍ အခြားပြဿနာ မရှိခဲ့ဟု သိရသည်။

ယင်းဖြစ်စဉ်သည် ကမ္ဘာ့ပထမဆုံးအကြိမ် မောင်းသူမဲ့လေယာဉ်ဖြင့် ကယ်တင်မှု ဖြစ်ဖွယ်ရှိပြီး ထိုယောကျ်ားလေးနှစ်ဦးကို ထိခိုက်မှုမရှိဘဲ ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ မောင်းသူမဲ့လေယာဉ်ဖြင့် စေလွှတ်ကယ်တင်မှုများ မပြုလုပ်မီက ရေလွှာလှိုင်းစီးရန် ပျဉ်ချပ်ရှည်များ သို့မဟုတ် ရော်ဘာလှေများ စေလွှတ်ပေးခြင်းနည်းလမ်းဖြင့် ကယ်တင်ကြခြင်းဖြစ်သည်။ သို့သော် ယင်းနည်းလမ်းများသည် ရေကူးသူများ မည်သည့်နေရာတွင် ရှိနေသည်ကို ရှာဖွေရသည်မှာ ခက်ခဲကြောင်း သိရသည်။

မောင်းသူမဲ့လေယာဉ်များကိုမူ ငါးမန်း၊ ဂျယ်လီငါး အစရှိသည့် ရေအောက်သတ္တဝါများကို စောင့်ကြည့်ရာတွင် သြစတြေးလျတို့က ယခင်ကတည်းက အသုံးပြုနေသည်။ ထိုလေယာဉ်ဆော့ဖ်ဝဲသည် ရေသတ္တဝါ အမျိုးအစားများကို ခွဲခြားနိုင်ပြီး ငါးမန်းကဲ့သို့ အမျိုးအစားများကို ရာခိုင်နှုန်း ၉၀ ကျော် တိကျ မှုဖြင့် သိရှိနိုင်သည်ဟု သိရသည်။ ပုံမှန်မျက်လုံးနှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းကျော် ကွာခြားသည်။

သြစတြေးလျရှိ အချို့သော ကမ်းခြေများတွင် ငါးမန်းပိုက်များရှိကြသည်။ သို့သော် ရေအောက်အသံလှိုင်းနည်းပညာ ၊ဝေဟင်ကင်းလှည့်မှုတို့အပါအဝင် အခြားနည်းလမ်းများကို ထောက်ပံ့သောအားဖြင့် ထိုငါးမန်းပိုက်များထားရှိခြင်းကို ပယ်ဖျက်ရန် ယမန်နှစ်က အစိုးရ၏အစီရင်ခံစာ တစ်ခုတွင်တောင်းဆိုခဲ့သည်။ ငါးမန်းပိုက်များသည် လူတို့၏  လုံခြုံရေးကို အခြားသောအတားအဆီးများ ထက် ပို၍မပေးနိုင်သည့်အပြင် ရေအောက်သတ္တဝါများ၏ နေထိုင်မှုပုံစံကို သိသိသာသာ ပျက်စီးစေနိုင်သည်ဟု သိရသည်။

Most Read

Most Recent