ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် အာဆတ်အား တန်ပြန်ရန်အတွက်ဟု တေလာဆင် ပြောကြား

ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် အာဆတ်အား တန်ပြန်ရန်အတွက်ဟု တေလာဆင် ပြောကြား
Published 19 January 2018

ဇန်နဝါရီ ၁၇ ရက်က စတန်ဖို့ဒ်တက္ကသိုလ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ် (ဝဲ) နှင့် စကားပြောနေသော လက်ရှိနိုင်ငံခြားရေးဝန်ကြီး တေလာဆင် (Photo - AFP)

ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် များသည် ဂျီဟတ်များအား တိုက်ခိုက်ရန် အတွက်သာမက ဆီးရီးယားသမ္မတဘာရှား အယ်အာဆတ်နှင့် ၎င်း၏ မဟာမိတ်အီရန်တို့၏ သြဇာကို တန်ပြန်ရန်အတွက်လည်း ဆက်ရှိနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ခုနစ်နှစ်ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ်ပဋိပက္ခ အဆုံးသတ်နိုင်ရန် အမေရိကန်၏ မဟာဗျူဟာဆိုင်ရာ မိန့်ခွန်း၌ တေလာဆင်က အမေရိကန်စစ်ဘက်၏ မစ်ရှင်သည် ှုှ ဂျီဟတ်အဖွဲ့အား ချေမှုန်းရန်နှင့် ယင်းအဖွဲ့ တစ်ကျော့ပြန် မလာနိုင်စေရန်အတွက် ဟန့်တားရန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ပြန်လည်ပြင်ဆင်နိုင်ရန် လမ်းဖွင့်ထားသော ယင်းတပ်ဖွဲ့ဝင်များ ချထားမှုသည် ဆီးရီးယားပြည်သူများက အာဆတ်အား ရာထူးမှ ဖယ်ရှားရန်နှင့် အီရန်၏သြဇာလွှမ်းမိုးမှုအား ပယ်ချနိုင်ရန်အတွက် လုံလောက်သော တည်ငြိမ်မှုရရှိနိုင်ရေး ကူညီပေးရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  ယခုအချိန်တွင် အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို ရုပ်သိမ်းလိုက်ပါက အာဆတ်က ၎င်း၏ ပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာပြုမူ ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ခွင့် ရရှိသွားလိမ့်မည်ဖြစ်ကြောင်း စတန်ဖို့ဒ် တက္ကသိုလ်၌ တေလာဆင်က ပြောကြားခဲ့သည်။

ပြည်သူများအား သတ်ဖြတ်ခဲ့သူက ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုကို မဖော်ဆောင်နိုင်ကြောင်း၊ တည်ငြိမ်သော၊ ညီညွတ်သော၊ အမှီအခိုကင်းသော ဆီးရီးယားသည် အောင်မြင်မှုရရှိနိုင်ရန် အာဆတ်ခေတ်လွန် ခေါင်းဆောင်မှုကို အကြွင်းမဲ့ လိုအပ်နေကြောင်း တေလာဆင်က ပြောကြားခဲ့သည်။

အမေရိကန်သည် IS အဖွဲ့၏ အကြွင်းအကျန်များအား လိုက်လံရှင်းလင်းနိုင်ရန် မြေပြင်တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို ဆီးရီးယားတွင် တပ်စွဲထားပြီး နိုင်ငံအရှေ့ပိုင်းတွင် စစ်လေယာဉ်များဖြင့် ကင်းလှည့်နေသည်။ ကာ့ဒ်တိုက်ခိုက်ရေးသမားများ လွှမ်းမိုးထားသော ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF)  နှင့်အတူ အမေရိကန်က တွဲဖက်လုပ်ကိုင်နေသည်။ ဆီးရီးယား အရှေ့ပိုင်းအား ထိန်းချုပ်ထားရန် ဖွဲ့စည်းမည့်အင်အား ၃၀၀၀၀ ရှိသော နယ်ခြားစောင့်တပ်ဖွဲ့အတွက်  SDF  တပ်ဖွဲ့ဝင်များကို အခြေပြုရန် အမေရိကန်က ရည်မှန်းထားသည်။

ယင်းအဖွဲ့သည် နိုင်ငံတော်သစ္စာဖောက်များဖြစ်သည်ဟု ဒမတ်စကတ်အစိုးရက ရှုတ်ချထားသည်။ အမေရိကန်၏မဟာမိတ် တူရကီကလည်း YPG  ကာ့ဒ်ပြည်သူ့စစ်များ ပါဝင်နေသည့် ယင်းအဖွဲ့၏ အခန်းကဏ္ဍကို အလွန်အမင်း သံသယရှိနေသည်။ အမေရိကန်သည် ကုလသမဂ္ဂဦးစီးသည့် ဆီးရီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရန်အတွက် တည်ငြိမ်မှုကို ပံ့ပိုးပေးရန်နှင့် အာဆတ်အုပ်စိုးမှုနှင့် အီရန်လွှမ်းမိုးမှု မပါသော ဆီးရီးယားဦးဆောင်သည့် အခြားရွေးချယ်စရာများကို ရှာဖွေပေးသွားမည်ဟု တေလာဆင်က ဖြေရှင်းခဲ့သည်။ အမေရိကန်သည် အီရတ်စစ်ပွဲမှ အမှားအယွင်းမျိုးကို ထပ်မံကျူးလွန်မည် မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref ;AFP

Most Read

Most Recent