ဘန်ကောက်ပြည့်တန်ဆာခန်းအား စီးနင်းခဲ့ပြီးနောက် ရဲငါးဦးနှင့် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦး စုံစမ်းစစ်ဆေးခံရ

ဘန်ကောက်ပြည့်တန်ဆာခန်းအား စီးနင်းခဲ့ပြီးနောက် ရဲငါးဦးနှင့် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦး စုံစမ်းစစ်ဆေးခံရ
Published 17 January 2018

ပြည့်တန်ဆာလုပ်ငန်းမှ သိမ်းဆည်းရမိသော မီးခံသေတ္တာများအား ဇန်နဝါရီ ၁၅ ရက်က မီဒီယာကို ပြသနေစဉ် (Photo: AFP)

အသက်မပြည့်သေးသည့် မိန်းကလေးများအား လိင်လုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော ဘန်ကောက်ရှိ ပြည့်တန်ဆာလုပ်ငန်းအား ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တာဝန်ရှိသူများသည် ထိုင်းရဲငါးဦးနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး တာဝန်ရှိသူတစ်ဦးတို့အား စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

လိင်လုပ်ငန်းသည် တရားမဝင်ဖြစ်နေသော်လည်း ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ဘန်ကောက်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသည့် Victoria Secret အနှိပ်ခန်းကို ရဲတပ်ဖွဲ့သည် သတင်းပေးမှုအရ ပြီးခဲ့သောသီတင်းပတ်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ယင်းစီးနင်းမှုအတွင်း ထိုင်း၊ မြန်မာ၊ လာအိုနှင့်တရုတ်တို့မှ အမျိုးသမီးလိင်လုပ်သား ၁၀၀ ကျော်တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် သုံးဦးထက်မနည်းသည် အသက် ၁၈ နှစ်အောက်ဖြစ်ကြောင်း၊ ၎င်းတို့အားလုံးသည် လိင်လုပ်ငန်းအတွက် အတင်းအကျပ်ခိုင်းစေခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စီးနင်းဖမ်းဆီးမှုအတွင်း သိမ်းဆည်းရမိပြီး ထိုင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည့် စာရင်းစာအုပ်တစ်အုပ်တွင် စားစရာ၊ အရက်နှင့် အနှိပ်ဝန်ဆောင်မှုများကို အခမဲ့ရယူခဲ့သည့် တာဝန်ရှိသူ ၂၀ ကျော်၏ အမည်များပါဝင်ခဲ့ပြီး စုံစမ်းစစ်ဆေးခံနေရသော ထိုင်းရဲငါးဦးတွင် ရဲဌာနမှူးတစ်ဦးလည်း ပါဝင်သည်။ အခမဲ့ဝန်ဆောင်မှုများ ရယူခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတစ်ဦးနှင့် အခွန်ဝန်ထမ်းတစ်ဦးတို့ကိုလည်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံးက စုံစမ်းစစ်ဆေးနေသည်။

ယင်းစာအုပ်တွင် ၂၀၁၄ ခုနှစ် မတ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာအထိ လစဉ်စာရင်းသွင်းထားကြောင်း သိရသည်။ ယင်းစာရင်းများသည် အမှန်အကန်ဖြစ်ပြီး ထိုအနှိပ်ခန်းမှ သိမ်းဆည်းခဲ့သော ကွန်ပျူတာတစ်လုံးမှ မှတ်တမ်းများကိုလည်း ထောက်လှမ်းရေးများက စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

ယင်းပြည့်တန်ဆာလုပ်ငန်းသည် ဆင်းရဲသောအရှေ့တောင်အာရှနိုင်ငံများမှ အမျိုးသမီးများအား ထိုင်းမှတစ်ဆင့် မလေးရှားထဲသို့ ပို့ဆောင်သည့် လူမှောင်ခိုကူးသည့် လုပ်ငန်းနှင့်ဆက်နွှယ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ယင်းအနှိပ်ခန်းမှ လိင်လုပ်သား ၂၅ ဦး၏အသက်နှင့် နောက်ကြောင်းတို့သည် အသက်ပြည့်သူများ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အခြားအမျိုးသမီး ၈၅ ဦးမှာမူ တရားမဝင် လိင်လုပ်ငန်းလုပ်ကိုင်မှုဖြင့် စွဲချက်တင်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်ကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) မှ အမည်မဖော်သည့် တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent