ပါကစ္စတန်ဝတ်ကျောင်းတွင် IS အသေခံဗုံးခွဲမှုကြောင့် လူ ၇၀ သေဆုံးပြီး ၂၅၀ ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၇ ရက်က ကရာချီမြို့မှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ ဆင်းပြည်နယ်တွင် ဗုံးခွဲမှုအပြီး မွတ်စလင် ဆူဖီဝတ်ကျောင်း အပြင်ဘက်၌ စောင့်ကြပ်နေသော ပါကစ္စတန်လုံခြုံရေးများ (Photo : AFP)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းမှ ကြည်ညိုလေးစားခံရသော ဆူဖီဝတ်ကျောင်း တစ်ကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်နိုင်ငံတွင် မကြာသေးမီ ကာလအတွင်းက တိုးတက်လာသော လုံခြုံရေး အခြေအနေအပေါ် အကောင်းမြင်မှုများသည် ယိုင်နဲ့လာပြီ ဖြစ်သည်။

ပါကစ္စတန်တွင် ၂၀၁၇ ခုနှစ်တွင်းလူ သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ယင်းတိုက်ခိုက်မှုကို IS အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင်မူ ပါကစ္စတန် အာဏာပိုင်များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေးအတွက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့မှ သတင်းရင်းမြစ် တစ်ဦး၏ ပြောကြားချက်အရ အသေခံဖောက်ခွဲရေးသမား တစ်ဦးသည် ထိုဆူဖီဝတ်ကျောင်းထဲ၌ ၀တ်ပြုသူ ရာပေါင်းများစွာ ရှိနေစဉ် ၀တ်ကျောင်းထဲသို့ဝင်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၃ ရာစုက မွတ်စလင် သူတော်စင် လာရှာဘက်ကွာလန်ဒါ၏ အမည်ကို အစွဲပြု၍ ခေါ်ဆိုကြသော ထိုဝတ်ကျောင်းသည် ဆင်းပြည်နယ်၏ မြို့တော်ကရာချိ၏ အရှေ့မြောက်ဘက် ၁၂၄ မိုင်အကွာမှ ဆာဝန်မြို့တွင် တည်ရှိသည်။

“အရုဏ်မတက်မီ အချိန်က ဖက်ဒရယ်နဲ့ ပြည်နယ်ဥပဒေ စိုးမိုးရေး အာဏာပိုင်တွေ၊ ရဲတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၀င်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြို့အသီးသီးကနေ သံသယရှိသူတွေ အများအပြားကိုလည်း ဖမ်းမိခဲ့ပါတယ်” ဟု အမည်မဖော်လိုသော ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ထိုဖမ်းဆီးမှုများကို လာမည့်ရက်များအတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

ဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် ထိစပ်နေသော ၎င်းတို့၏ နယ်စပ်ဂိတ်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်လိုက်သည်ဟု သိရသည်။ ပါကစ္စတန်တွင် ယခင်က တိုက်ခိုက်မှုများ ဖြစ်ပွားစဉ်ကလည်း ပါကစ္စတန်အစိုးရက အာဖဂန်သည် ပါကစ္စတန် စစ်သွေးကြွများကို ခိုလှုံခွင့်ပေးနေသည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ ထို့အတူ အာဖဂန်ကလည်း စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ၎င်းတို့နိုင်ငံထဲသို့ ပါကစ္စတန်က စစ်သွေးကြွများလွှတ်ပြီး ဗုံးခွဲတိုက်ခိုက်မှုများ ဆောင်ရွက်ခိုင်းသည်ဟု ပုံမှန်စွပ်စွဲနေကျ ဖြစ်သည်။

ရာစုနှစ်နှင့်ချီ၍ ကြာမြင့်နေပြီဖြစ်ပြီး ပါကစ္စတန်ထဲတွင် အလေးစားခံရဆုံး ၀တ်ကျောင်း တစ်ကျောင်းဖြစ်သည့် ထို ဆူဖီဝတ်ကျောင်းထဲတွင် ဖေဖော်ဝါရီ ၁၆ ရက်က အလေးအမြတ်ထားစရာ နေ့တစ်နေ့ ဖြစ်သည့်အတွက် လူများစုဝေးနေကြစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ၇၀ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၅၀ ခန့် ရှိကြောင်း၊ ၎င်းတို့အနက် ၄၀ ခန့်မှာ စိုးရိမ်ရသည်ဟု ဆိုသည်။

သတင်းဓာတ်ပုံများထဲ၌ နာမည်ကျော် ၀တ်ကျောင်း၏ အဖြူရောင်ကြမ်းပြင်တွင် သွေးများစွန်းထင်း နေဆဲဖြစ်ပြီး ဖိနပ်များ၊ သဘက်များ၊ ကလေးအင်္ကျီများလည်း ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ဆူဖီဆိုသည်မှာ လျှို့ဝှက်နက်နဲသည့် အစ္စလာမ်ဘာသာ ဂိုဏ်းခွဲဖြစ်သည်။ ဆူဖီတို့သည် သီချင်းများဖြင့် ၀တ်ပြုလေ့ရှိသည့် အတွက် သဘောထား တင်းမာသော အစ္စလာမ္မစ်တို့က ၎င်းတို့ကို ဒိဋ္ဌိများဟု ရှုမြင်ကြသည်။

ပါကစ္စတန် နိုင်ငံထဲမှ လုံခြုံရေးအခြေအနေသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်းက သိသိသာသာ တိုးတက်မှု ရှိခဲ့သော်လည်း ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများက အကောင်းမြင်မှုများကို လျော့ပါးစေခဲ့သည်။

Ref : AFP