အမေရိကန်က ပါလက်စတိုင်း ဒုက္ခသည်များအား ပေးမည့်အကူအညီများကို လျှော့ချရန် ပြင်ဆင်

အမေရိကန်က ပါလက်စတိုင်း ဒုက္ခသည်များအား ပေးမည့်အကူအညီများကို လျှော့ချရန် ပြင်ဆင်
Published 16 January 2018

၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်က ပင်တဂွန်သို့သွားရောက်စဉ် မီဒီယာများကို ဖြေကြားနေသော သမ္မတဒေါ်နယ်ထရန့် (Photo: AFP)

ပါလက်စတိုင်းဒုက္ခသည်များအား ကူညီရန် ကုလသမဂ္ဂအေဂျင်စီတစ်ခုထံ ပေးမည့် ဒေါ်လာသန်းပေါင်းများစွာအား ထုတ်မပေးဘဲ ဆိုင်းငံ့ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက ပြင်ဆင်နေပြီး ယခုနှစ်အတွက် ပထမအသုတ်ပေးမည့်အကူအညီများကို ထက်ဝက်ကျော် သို့မဟုတ် အားလုံးကို ဖြတ်တောက်ပစ်နိုင်ခြေရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထရန့်က နောက်ဆုံးဆုံးဖြတ်ချက် မချမှတ်ရသေးသော်လည်း U.N. Relief and Works Agency ထံ ပထမအရစ် ပေးရန်စီစဉ်ထားသည့် ဒေါ်လာ ၁၂၅ သန်းအနက် ဒေါ်လာသန်း ၆၀ ကိုသာ ပေးနိုင်ခြေရှိကြောင်း ယင်းကိစ္စအား ထုတ်ဖော်ပြောကြားခွင့် မရှိသည့် အမည်မဖော်သော တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အစ္စရေး၏ဝေဖန်မှု ပြင်းပြင်းထန်ထန် ကြုံနေရသော ယင်းအေဂျင်စီသည် နောက်ထပ်အကူအညီများ ရရှိနိုင်ရန် အဖွဲ့၏လုပ်ဆောင်ပုံများကို ကြီးကြီးမားမား ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း၊ ယင်းတို့အနက် ပါလက်စတိုင်းသည် အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ပြန်လည်ကျင်းပမှုကို ဦးစွာပြုလုပ်ရန် အချက်တစ်ချက်လည်း ပါဝင်ကြောင်း ယင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထရန့်အစိုးရက နောက်ဆုံး ဆုံးဖြတ်ချက်အား ဇန်နဝါရီ ၁၆ ရက်အစောပိုင်းတွင် ကြေညာဖွယ်ရှိသည်။ ယင်းကဲ့သို့ အကူအညီများ ဆိုင်းငံ့ထားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်တို့က ထောက်ခံခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် တောင်းဆိုရန် ယင်းဆိုင်းငံ့မှုအား အပေးအယူတစ်ခုအဖြစ် ကမ်းလှမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

နှစ်ပေါင်းများစွာ ဆိုင်းငံ့ထားသော အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါလက်စတိုင်းက ပြန်လည်စတင်သည့်အချိန်အထိ အမေရိကန်အကူအညီများအား လုံးဝဖြတ်တောက်ထားရန် ဟာလေက အလိုရှိနေသည်။ သို့သော် အကူအညီအားလုံးကို ဖြတ်တောက်မှုသည် အရှေ့အလယ်ပိုင်းတွင် အထူးသဖြင့် ပါလက်စတိုင်း ဒုက္ခသည်သန်းနှင့် ချီအား လက်ခံထားပြီး အမေရိကန်၏အရေးပါသော မဟာဗျူဟာမြောက်မဟာမိတ် ဂျော်ဒန်တွင် မတည်ငြိမ်မှုများကို ပိုမိုဆိုးရွား စေနိုင်ဟု တေလာဆင်၊ မာတစ်နှင့် အခြားသူများက ထောက်ပြခဲ့ကြသည်။

ဒေသတွင်း၌ တင်းမာမှုမြင့်တက်လာခြင်း နောက်ထပ်လက္ခဏာတစ်ခုအဖြစ် ပါလက်စတိုင်းသမ္မတမာမွတ်အဘားစ်က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သော နှစ် နာရီကြာမြင့်ခဲ့သည့်မိန့်ခွန်း၌ ပါလက်စတိုင်းများအား ဆက်ဆံမှုများနှင့်ပတ်သက်၍ ထရန့်သည် ရှက်သင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လက်သင့်မခံနိုင်သော ငြိမ်းချမ်းရေးအစီအစဉ် ဖြစ်လာမည်ဟုဆိုကာ ယင်းအစီအစဉ်ကို ပယ်ချခြင်းသည် ပြဿနာမရှိကြောင်းလည်း အဘားစ်က ပြောကြားခဲ့သည်။

အမေရိကန်သည် Relief and Works အေဂျင်စီကို အများဆုံးလှူဒါန်းသူဖြစ်ပြီး အေ ဂျင်စီဘတ်ဂျက်စုစုပေါင်း၏ ရာခိုင်နှုန်း ၃၀ နီးပါးထည့်ဝင်နေသည်။ ယင်းအေဂျင်စီသည် ဝက်စ်ဘင့်၊ ဂါဇာကမ်းမြောင်၊ ဂျော်ဒန်၊ ဆီးရီးယားနှင့် လက်ဘနွန်တို့ရှိ ပါလက်စတိုင်းများကို အကူအညီပေးမှုအား ဦးစားပေးလုပ်ဆောင်နေသည်။