ဒုံးကျည်ချဉ်းကပ်လာကြောင်း မှားယွင်းသည့် သတိပေးချက်ကြောင့် ဟာဝိုင်အီတွင် ကြောက်လန့်တကြား ဖြစ်ခဲ့ကြရ

ဒုံးကျည်ချဉ်းကပ်လာကြောင်း မှားယွင်းသည့် သတိပေးချက်ကြောင့် ဟာဝိုင်အီတွင် ကြောက်လန့်တကြား ဖြစ်ခဲ့ကြရ
Published 14 January 2018

ဇန်နဝါရီ ၁၃ ရက်က ဟာဝိုင်အီအုပ်ချုပ်ရေးမှူး ဒေးဗစ်အစ်ဂီနှင့် အရေးပေါ် အခြေအနေ စီမံထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ ဗန်မီယာဂျီ (ဝဲ) တို့က မီဒီယာများသို့ ရှင်းလင်းနေကြစဉ် (Photo: AP)

ဇန်နဝါရီ ၁၃ ရက်က ဟာဝိုင်ရီသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ဦးတည်းချဉ်းကပ်လာပြီဟု သတိပေးနှိုးဆော်ချက် အမှားတစ်ခုထွက်ခဲ့ရာ ကြောက်လန့်တကြားနှင့် ကမောက်ကမများ ဖြစ်ခဲ့ကြရကြောင်း သိရသည်။ အမေရိကန်၏ ပြည်နယ်တစ်ခုဖြစ်သော ဟာဝိုင်အီသည် ယခင်ကတည်းက တိုက်ခိုက်ခြင်းခံရနိုင်သည့် အခြေအနေတွင် ရှိနေခြင်းဖြစ်သည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီထိုးပြီးချိန်တွင် ပို့လိုက်သည့် ထိုသတိပေးချက်မှာ လေ့ကျင့်ရေးတစ်ခုအတွင်း အပြောင်းအလဲ လုပ်သည့်အချိန်၌ မှားယွင်းသည့် ခလုတ်အား နှိပ်မိခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည်ကို အရေးပေါ် အခြေအနေ စီမံရေး အစိုးရအရာရှိများက နောက်ဆုံးတွင် အဖြေထုတ်နိုင်ခဲ့ကြသည်။ ထိုအမှားအယွင်းကြောင့် လူထုကို ပုန်းခိုရန် နေရာများ အမြန်ဆုံးရှာကြရန် တိုက်တွန်းသည့် သတိပေးနှိုးဆော်မှုတစ်ခု ကျွန်းပေါ်ရှိ ဖုန်းများထဲသို့ ပို့စေခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက အမှားအယွင်းတစ်ခုဟု မထုတ်ပြန်သေးမီအချိန်အထိ ဟာဝိုင်အီ လူထုမှာ သွေးရူးသွေးတန်းဖြစ်ကာ လုံခြုံရေးအတွက် ရေချိုးဇလုံ၊ မြေအောက်ခန်း၊ ရေဆိုးပြွန်အတွင်းသို့ဆင်းရန် အပေါက်၊ အိပ်ရာပုံအောက် အစရှိသည့်နေရာတို့တွင် ပုန်းအောင်းနေခဲ့ကြကြောင်း သိရသည်။

အမေရိကန်နှင့် မြောက်ကိုရီးယားကြားတွင် လပေါင်းများစွာ တင်းမာမှုများ မြင့်တက်နေခဲ့ပြီးနောက် ယခုကိစ္စဖြစ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သော ၎င်း၏ပဲ့ထိန်းဒုံးကျည်သည် ဟာဝိုင်အီ အပါအဝင် အမေရိကန်ပြည်ထောင်စု တစ်ခုလုံးသို့ အနုမြူထိပ်ဖူးဖြင့်ရောက်အောင် ပစ်နိုင်သည်ဟု ကြွေးကြော်ထားခြင်းဖြစ်သည်။

“ဒီနေ့ ဖြစ်ပေါ်ခဲ့တဲ့ ဒုက္ခရောက်မှုတွေ၊ အထိတ်တလန့် ဖြစ်ရမှုတွေအတွက် ကျွန်တော့်ဘက်က နက်နက်ရှိုင်းရှိုင်း တောင်းပန်ပါတယ်” ဟု ဟာဝိုင်အီ၏ အရေးပေါ် အခြေအနေ စီမံထိန်းချုပ်ရေးအေဂျင်စီမှ အုပ်ချုပ်သူ ဗန်မီယာဂျီက ပြောကြားခဲ့သည်။ “ဒီခြိမ်းခြောက်မှုကြီးကြောင့် ပြည်သူတွေကို သတိပေးချက်တွေ၊ ပြင်ဆင်နိုင်မှုတွေ ပံ့ပိုးပေးနိုင်အောင် ပြီးခဲ့တဲ့လတွေအတွင်းမှာ ကျွန်တော်တို့တတွေ လေ့ကျင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမှားလုပ်မိခဲ့ကြတယ်” ဟု ၎င်းကသတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း ပြောကြားသွားခဲ့သည်။

မှားယွင်းပို့လိုက်သည့် သတိပေးချက်ထဲတွင် “ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုတစ်ခု ဟာဝိုင်အီသို့ ဦးတည်ချဉ်းကပ်လာပါပြီ။ ပုန်းခိုဖို့ နေရာချက်ချင်းရှာကြပါ။ ဒါဟာ လေ့ကျင့်မှုမဟုတ်ပါဘူး” ဟု ရေးသားထားခြင်းဖြစ်သည်။ မှားယွင်းသည့် သတိပေးချက်ကို အလိုအလျောက် ပယ်ဖျက်ရန် နည်းလမ်းမရှိဘဲ အစီအစဉ်တကျ သွားရသဖြင့် မိနစ် ၄၀ ကျော် အကြာမှ ဖုန်းများထံသို့ အမှားပြင်ဆင်ချက် ရောက်လာရခြင်းဖြစ်သည်ဟု သိရသည်။

အမေရိကန်စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ဟာဝိုင်အီတွင် မည်သည့် ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုမျှ မရှိကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က အစိုးရ၏လေ့ကျင့်မှုတစ်ခု သက်သက်သာဖြစ်သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent