နေတန်ယာဟု၏ အိန္ဒိယခရီးစဉ်က သေးငယ်သော အိန္ဒိယဂျူးလူ့အဖွဲ့အစည်းအပေါ် မီးမောင်းထိုးမှု ဖြစ်လာခဲ့

နေတန်ယာဟု၏ အိန္ဒိယခရီးစဉ်က သေးငယ်သော အိန္ဒိယဂျူးလူ့အဖွဲ့အစည်းအပေါ် မီးမောင်းထိုးမှု ဖြစ်လာခဲ့
Published 14 January 2018

နယူးဒေလီသို့ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (ဝဲ) နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့အား တွေ့ရစဉ် (Photo: AFP)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အစ္စရေး-အိန္ဒိယ၏ ၂၅ နှစ်ကြာ သံတမန်ဆက်ဆံရေးကို အားပေးထောက်ပံ့သည့် အနေနှင့် ဇန်နဝါရီ ၁၄ ရက်တွင် အိန္ဒိယသို့ ရောက်လာပြီး ခြောက်ရက်ကြာ နေထိုင်မည်ဖြစ်သည်။ ဝန်ကြီးချုပ် အေရီယယ်ရှာရွန် နောက်ပိုင်း နေတန်ယာဟုသည် အိန္ဒိယသို့ ပထမဆုံးသွားရောက်သည့် အစ္စရေးဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။

ဂျေရုစလင်ကို အစ္စရေး၏မြို့တော်အဖြစ် သတ်မှတ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂတွင် အိန္ဒိယက ကန့်ကွက်မဲပေးခဲ့ပြီး တစ်လအကြာတွင် နေတန်ယာဟု၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုသည် ၎င်း၏ခြောက်ရက်ခရီးစဉ်အတွင်း ၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုအတွင်းက ပစ်မှတ်ထားခံရသည့် ဂျူးစင်တာတစ်ခုသို့ သွားမည်ဖြစ်သည်။ တဖြည်းဖြည်း သေးကျုံ့လာသော အိန္ဒိယနိုင်ငံထဲမှ ဂျူးအသိုင်းအဝိုင်းသည် နေတန်ယာဟု၏ ခရီးစဉ်ကြောင့် ၎င်းတို့၏ အနေအထားအတွက် အားတက်စရာဖြစ်လာလိမ့်မည်ဟု မျှော်လင့်လျက်ရှိကြသည်။

နေတန်ယာဟုသည် နယူးဒေလီတွင် ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ပြီး ဂျူး ၄၅၀၀ ခန့် ခန့်မှန်းခြေ နေထိုင်ဖွယ်ရှိသည့် မွမ်ဘိုင်းသို့မသွားမီ တာ့ချ်မဟာသို့လည်းသွားမည်ဟု သိရသည်။

“ဒါဟာ ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ သတင်းပါပဲ။ ဝန်ကြီးချုပ်ကို ဒီမှာတွေ့ရတာဟာ ကျွန်တော်တို့ အရမ်းကံကောင်းတာပါ” ဟု မွမ်ဘိုင်းရှိ ဂျူးတစ်ဦးဖြစ်သော ဂျိုးဝယ်ဂါရွှန်းက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် အစ္စရေးခေါင်းဆောင်တို့၏ အပြန်အလှန် အလည်အပတ် သွားရောက်ခြင်းနှင့် ဆက်ဆံရေး နွေးထွေးလာခြင်းသည် အိန္ဒိယဂျူးတို့အတွက် အရေးအကြီးဆုံးကိစ္စဟု အိန္ဒိယဂျူးဖက်ဒရေးရှင်းမှ ဂျိုနသန်ဆိုလမွန်က ပြောကြားခဲ့သည်။ နေတန်ယာဟုသည် အိန္ဒိယသို့ ၁၅ နှစ်အတွင်း ပထမဆုံး လာရောက်သည့် ဝန်ကြီးချုပ်ဖြစ်ပြီး မိုဒီမှာလည်း အစ္စရေးသို့ ပထမဆုံး သွားရောက်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ထို့ပြင် အစ္စရေးသည် အိန္ဒိယသို့ လက်နက်အများဆုံး တင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က ဂျူးများသည် အိန္ဒိယသို့ ပထမဆုံး စတင်ရောက်ရှိလာခဲ့ကြသည်ဟု သမိုင်းပညာရှင်များက ယုံကြည်နေကြသည်။ သို့သော် လက်ရှိတွင် ၎င်းတို့၏ ဂျူးမျိုးဆက်များသည် ဟိန္ဒူ၊ မွတ်စလင်၊ ဆစ်ခ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဂျိန်း၊ ဇိုရိုအက်စတာ ဘာသာပေါင်းများစွာ ရှိနေသည့် အိန္ဒိယထဲတွင် အလွန်အမင်း မထင်မရှားဖြစ်လျက် ရှိနေသည်။ ထို့ပြင် ဂျူးတို့သည် လူနည်းစုအဖွဲ့အစည်းအဖြစ် အိန္ဒိယအစိုးရ၏ အသိအမှတ်ပြုခြင်းလည်း မခံထားရပေ။

၁၉၄၀ ပြည့်လွန်နှစ်က အိန္ဒိယတွင် ဂျူး ၂၀,၀၀၀ ဝန်းကျင်ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ တည်ထောင်ပြီးနောက် ရွှေ့ပြောင်းအခြေချခဲ့ကြသဖြင့် အိန္ဒိယဂျူးဦးရေမှာ တစ်စတစ်စ နည်းပါးလာခဲ့သည်။

Ref: AFP

Most Read

Most Recent