
တာလီဘန်ပုံစံနှိပ်ကွပ်မှုဟု ဘာသာရေးဆိုင်ရာ အခွင့်အရေးအုပ်စုက ပြစ်တင်ရှုတ်ချလိုက်သော လုပ်ရပ်တစ်ခုအဖြစ် တရုတ်နိုင်ငံ မြောက်ပိုင်းက အာဏာပိုင်များသည် ဧရာမ ခရစ်ယာန်ဘုရားကျောင်းကြီးကို ဖြိုချလိုက်သည်။
တရားဝင်အားဖြင့် တရုတ်၏ ဘုရားမဲ့ဝါဒီကွန်မြူနစ် အာဏာပိုင်များသည် ဘာသာရေးလှုပ်ရှားမှုများ အပါအ၀င် ၎င်းတို့၏ ထိန်းချုပ်မှုပြင်ပတွင်ရှိနေသော မည်သည့်လှုပ်ရှားမှုမှန်သမျှကိုမဆို သတိထား နေကြသည်။
ကြီးမားသောခရစ်ယာန်ဘုရားကျောင်း ကျင်တန်ထိုင်သည် ရှန်စီးပြည်နယ် လင်ဖန်းတွင်တည်ရှိပြီး မီးခိုးရောင်ဆေးသုတ်ထားကာ ကြက်ခြေနီတံဆိပ်နှင့် ပြအိုးများကို အထပ်ထပ်ဆင့်တင်ထားသည်။
တစ်မြို့လုံးအနှံ့ တရားမ၀င် အဆောက်အအုံများဖယ်ရှားရေးဆိုသော အစီအစဉ်အရ အဆိုပါ ဘုရားကျောင်းကြီးဖြိုချမှုသည် ဇန်န၀ါရီ ၉ ရက်နေ့တွင် စတင်ခဲ့သည်ဟု အမည်မဖော်လိုသည့်ဒေသန္တရ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာက ကိုးကားဖော်ပြခဲ့သည်။
‘ခရစ်ယာန်ဘာသာဝင်တစ်ယောက်က သူ့လယ်ယာမြေကို အရပ်ထဲက ခရစ်ယာန်အစည်းအရုံး တစ်ခုကို ပေးခဲ့ပါတယ်။ သူတို့က ဂိုထောင်တစ်လုံးကို အကာအကွယ်ယူပြီး ဘုရားကျောင်းကြီးကို လျှို့ဝှက်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်’ ဟု တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်က တိုက်ရိုက်ကွပ်ကဲမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် စည်းမျဉ်းသစ်များ အကောင်အထည်ဖော်ရန် ပြင်ဆင်နေစဉ် ဘုရားကျောင်းဖြိုချမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်တွင် ကက်သလစ် ၅ ဒ သမ ၇ သန်းနှင့် ပရိုက်တက်စတင့် ၂၃ သန်းရှိသည်ဟု ၂၀၁၄ ခုနှစ် စာရင်းအင်းများက ဆိုသည်။
ဘုရားကျောင်းအောက်ခြေတွင် ဗုံးများထည့်၍ ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းသည် တာလီဘန်ပုံစံ နှိပ်ကွပ်မှုပင်ဖြစ်သည်ဟု အမေရိကန်တွင် အခြေစိုက်သောဘာသာ ရေးဆိုင်ရာ အခွင့်အရေးလှုပ်ရှားသည့် China Aid အစည်းအရုံးက ဝေဖန်ခဲ့သည်။
Ref; AFP