အိုလံပစ် သဘောတူညီချက်က မြောက်ကိုရီးယားကို လက်နက်ဖျက်သိမ်းစေရန် အနည်းငယ်သာ အလုပ်ဖြစ်မည်ဟု လေ့လာသူများ သုံးသပ်

အိုလံပစ် သဘောတူညီချက်က မြောက်ကိုရီးယားကို လက်နက်ဖျက်သိမ်းစေရန် အနည်းငယ်သာ အလုပ်ဖြစ်မည်ဟု လေ့လာသူများ သုံးသပ်
Published 14 January 2018

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က နာဂါနိုရှိ မီနာမီနာဂါနိုအားကစားရုံတွင် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဖွင့်လှစ်နေသည်ကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

တောင်ကိုရီးယားတွင် လာမည့်လ၌ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ အားကစားသမား အဖွဲ့စေလွှတ်ရန် မြောက်ကိုရီးယား၏ သဘောတူညီမှုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အပြောင်းအလဲ ခြေလှမ်းတစ်ရပ်အဖြစ် ပြသခဲ့သော်လည်း ပြုံယမ်း၏ နျူကလီးယား စီမံကိန်းများအား ဟန့်တားရန် မဆိုသလောက်သာ ထိရောက်မည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ပြီးခဲ့သော နှစ်နှစ်ကျော်အတွင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးပွဲကို ဇန်နဝါရီ ၉ ရက်တွင်စတင်ခဲ့ပြီး ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ အားကစားသမားအဖွဲ့စေလွှတ်ရန် ပြုံယမ်းက သဘောတူခဲ့ပြီး အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရန်လည်း ကတိပြုခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးစမ်းသပ်မှုများကြောင့် လပေါင်းများစွာ ထိပ်တိုက်တွေ့မှု များဖြစ်ခဲ့အပြီး နှစ်ဖက်စလုံးက တင်းမာမှုလျှော့ချရန် ကြိုးပမ်းခဲ့ပြီးနောက် ယခုဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်စလုံးက အနိုင်ရရန် ဆန္ဒရှိနေပြီး ယင်းကို ရရှိခဲ့ကြကြောင်း ဆိုးလ်ရှိ Yonsei တက္ကသိုလ်မှ ပါမောက္ခ John Delury က ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ဆိုးလ်၌ ကျင်းပခဲ့သော နွေရာသီအိုလံပစ်ပြိုင်ပွဲအား သပိတ်မှောက်ခဲ့သည့် ပြုံယမ်းကို ပြုံချန်တွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်စေရန် ဆိုးလ်နှင့် အိုလံပစ်ပြိုင်ပွဲစီစဉ်သူများက အလွန်အမင်း လိုလားနေသည်။ ယင်းပြိုင်ပွဲသည် ငြိမ်းချမ်းရေး အိုလံပစ်ဖြစ်ကြောင်း တောင်ကိုရီးယားက အကြိမ်ကြိမ် အခိုင်အမာ ထုတ်ပြန်ခဲ့သည်။

သို့သော် မြောက်ကိုရီးယားသည် ခေါင်းဆောင်ကင်ဂျုံအွန်၏ နှစ်သစ်ကူးမိန့်ခွန်းမပြောမီအထိ မည်သို့လုပ်ဆောင်မည်ကို အစီအစဉ် မထုတ်ပြန်ခဲ့ပေ။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများအား အာခံလျက် ၂၀၁၇ ခုနှစ်တွင် စမ်းသပ်ခဲ့သမျှ၌ အင်အား အပြင်းထန်ဆုံးနှင့် ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနှင့် အမေရိကန်အထိ ရောက်နိုင်သည်ဟုဆိုသော ဒုံးများအား စမ်းသပ်ပစ်လွှတ်ခဲ့သည်။

ပြုံချန်အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဟု မြောက်ကိုရီးယား၏ သဘောတူမှုသည် ယင်းအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်ကျင်းပနေသည့် ဖေဖော်ဝါရီနှင့် မတ်အတွင်း ယင်းကဲ့သို့ ရန်စသောလုပ်ရပ်များမှ ရှောင်လွဲှမည်ဟု ထုတ်ပြောစရာ မလိုသည့် အာမခံမှု ဖြစ်လာခဲ့သည်။

၎င်း၏ နိုင်ငံအား စစ်ရေးကျူးကျော်ရန် အကြိုလေ့ကျင့်မှုဟု ပြုံယမ်းက ရှုမြင်ထားသည့် နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကြီးများကို အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးသည့်အချိန်အထိ ရွှေ့ဆိုင်းသွားမည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့ကလည်း အစောပိုင်းတွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရတာဝန်ရှိသူများက ရွေးချယ်စရာတစ်ခုအဖြစ် အကြိမ်ကြိမ် ပြောကြားထားသည့် ဖြစ်နိုင်ခြေရှိသော အမေရိကန်၏ စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ခံရနိုင်မှုမှ မြောက်ကိုရီးယားက မဟာဗျူဟာမြောက် ရှောင်လွဲှနိုင်ခဲ့ကြောင်း ဆိုးလ်အခြေစိုက် Asan Institute of Policy Studies မှ သုတေသီ ဂိုမြောင်ဟွန်က ပြောကြားခဲ့သည်။

မည်သည့် ယာယီပြဿနာအတွက်မဆို အပြစ်တင်မခံရစေရန် ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးနေသည့်ကာလအတွင်း အမေရိကန်က မည်သည့်စစ်ရေးအရေးယူ မှုမျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဂိုက ပြောကြားခဲ့သည်။ သို့သော် ပြုံချန်အားကစားပွဲ ပြီးဆုံးပြီး ကိုရီးယားကျွန်းဆွယ်၌ ပထဝီ နိုင်ငံရေးသည် ပုံမှန်အနေအထားသို့ ရောက်ရှိသွားချိန်တွင် မည်သို့ဖြစ်လာနိုင်ဟု ဂိုက မေးခွန်းထုတ်ခဲ့သည်။

ယင်းအခြေအနေအား အသုံးချ၍ အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မှုထက် ကျော်လွန်၍ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး တိုးတက်စေရန် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိကိုမူ စောင့်ကြည့်ရမည်ဟု Council on Foreign Relations မှ စကော့ဆင် ဒါးက ပြောကြားခဲ့သည်။

မူလအခြေအနေ

ဇန်နဝါရီ ၉ ရက်က ဆွေးနွေးမှုတွင် သဘောတူညီချက် အနည်းငယ်ရရှိခဲ့သော်လည်း မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားနှင့် ဒုံးစီမံကိန်းများနှင့်ပတ်သက်၍ မည်သည့်ကတိမျှ မပေးခဲ့ဘဲ ယင်းအကြောင်းအရာအား ဆွေးနွေးချိန်တွင် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

နျူကလီးယားဖျက်သိမ်းရေး ကိစ္စသည် ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးရမည့်အရာ မဟုတ်ကြောင်း တောင်ကိုရီးယား ဂျာနယ်လစ်များအား ပြောကြားခဲ့သော မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ရီဆန်ဂွမ်က ၎င်းတို့၏ နျူကလီးယား၊ ဟိုက်ဒရိုဂျင်ဗုံးများ၊  တိုက်ချင်းပစ်ဒုံးများနှင့် အခြားအဆင့်မြင့်လက်နက်များ အားလုံး၏ ပစ်မှတ်သည် အမေရိကန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးတွင် ဖြေရှင်းရန် ပြဿနာအများအပြားရှိနေပြီး မမျှော်လင့်ထားသော အဟန့်အတားများစွာ ရှိနိုင်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

ရေရှည်ကစားပွဲ အစီအစဉ်ရှိထားရမည်ဖြစ်ကြောင်း၊ ယင်းသည် လတ်တလောတွင် ဖြစ်ပွားနေပြီး မဟုတ်ပါက အိုလံပစ်ပြိုင်ပွဲပြီးဆုံးသွားချိန်တွင် ယခင်အခြေအနေသို့ ပြန်ရောက်သွားမည်ဖြစ်ကြောင်း  Delury က ပြောကြားခဲ့သည်။ တစ်နည်းဆိုရလျှင် မြောက်ကိုရီးယားတွင် အပတ်စဉ် ဒုံးပစ်လွှတ်မှု၊ အိမ်ဖြူတော်မှနေ၍  Twitter တွင် ရေးသားမှုနှင့် အခြေအနေများ ပို၍ပို၍ ဆိုးရွားလာသည့် အနေအထားသို့ ပြန်ရောက်သွားနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

တောင်ကိုရီးယားသည်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်စေရန် လိုလားသူများနှင့် မြောက်ကိုရီးယားအား နျူကလီးယား ကင်းစင်စေရန် လိုလားသည့် အမေရိကန်နှင့် လက်တွဲလိုသူများအကြား မလှုပ်သာသော အနေအထားသို့ ကျရောက်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းခဲ့ကြသည်။ အမေရိကန်က မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများသည် ၎င်း၏ နျူ ကလီးယား အပြီးအပြတ်စွန့်လွှတ်စေရေးကို ဦးတည်သင့်ကြောင်း ဆက်လက်ဖိအားပေးထားသည်။

တောင်ကိုရီးယားတွင် စောင်ရေအများဆုံးထဲ၌ ပါဝင်သည့် ချိုဆွန်အီဘိုသတင်းစာ၏ အယ်ဒီတာ့အာဘော်တစ်ခုတွင် ပြုံချန်အိုလံပစ် ပြိုင်ပွဲ၌ ဝင်ပြိုင်ရန် မြောက်ကိုရီးယား၏ ရုတ်တရက်သဘောတူခဲ့မှု၏ နောက်ကွယ်မှရည်ရွယ်ချက်ကို ၎င်းတို့အားလုံးက သဘောပေါက်ကြောင်း ရေးသားခဲ့သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယား အစိုးရအဖွဲ့ထဲ၌ ကိုရီးယားဆွေးနွေးပွဲအား လိုလားသူများနှင့် အမေရိကန်၏ ရပ်တည်ချက်ကို လိုလားသူများဟူ၍ ကွဲပြားစေရန် ရည်ရွယ်ခဲ့ကြောင်း ယင်းအယ်ဒီတာ့အာဘော်က ရေးသားခဲ့သည်။

ငြိမ်းချမ်းရေးဘက်တော်သား တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းသည် ပြုံယမ်းနှင့် တိုးတက်မှုရ ရှိထားခြင်းကို အလွယ်တကူ အလျှော့ပေးဖွယ်မရှိကြောင်း ကိုရီးယားအမျိုးသား သံတမန်ရေးရာ အကယ်ဒမီမှ ပါမောက္ခ ကင်ဟွန်ဝေါ့က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent