အမေရိကန်တွင် အသက် ၂၀ အရွယ် အမျိုးသား ဒေါ်လာ ၄၅၁ သန်း ထီပေါက်ခဲ့

အမေရိကန်တွင် အသက် ၂၀ အရွယ် အမျိုးသား ဒေါ်လာ ၄၅၁ သန်း ထီပေါက်ခဲ့
Published 14 January 2018

ဇန်နဝါရီ ၄ ရက်က အတ္တလန္တာရှိ စတိုးဆိုင်တစ်ဆိုင်၌ အမေရိကန်ထီကြော်ငြာတစ်ခုအား တွေ့ရစဉ် (Photo - AFP)

Mega Millions ထီပေါက်ပြီး ဒေါ်လာ ၄၅၁ သန်းရရှိသွားသည့် ဖလော်ရီဒါမှ အသက် ၂၀ အရွယ် အမျိုးသားသည် ထိုဆုငွေကို နှစ်စဉ် အရစ်ကျခွဲယူမည့်အစား တစ်ကြိမ်တည်းဖြင့် ဒေါ်လာ ၂၈၂ သန်းကို ထုတ်ယူရန် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ဖလော်ရီဒါရှိ ပေါ့ရစ်ချီမြို့တွင် နေထိုင်သော ရှိန်းမစ်စလာသည် ဇန်နဝါရီ ၅ ရက်က ရွေးချယ်မှုတွင် jackpot ရရှိသွားသည်ဟု ဖလော်ရီဒါ ထီသတင်းထုတ်ပြန်ရေးက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မစ်စလာသည် တစ်ကြိမ်တည်းဖြင့် ဆုငွေထုတ်ယူပြီး ဒေါ်လာ ၂၈၁၈၇၄၉၉၉ ရရှိမည်ဖြစ်သည်ဟုလည်း သိရသည်။

ထို ငွေပမာဏသည် ဖို့ဘ်မဂ္ဂဇင်းကဖော်ပြသည့် နာမည်ကျော် အဆိုရှင် တေလာဆွစ်၏ စုစုပေါင်း ပိုင်ဆိုင်မှုနှင့် ညီမျှကြောင်း သိရသည်။

“ကျွန်တော့်အသက်က ၂၀ ပဲရှိပါသေး တယ်။ ကျွန်တော့်ရဲ့ များပြားလှတဲ့ဝါသနာတွေ၊ မိသားစုကို ကူညီဖို့နဲ့ လူသားတွေအတွက် ကောင်းမွန်တဲ့ တစ်စုံတစ်ခုလုပ်ဖို့ဒီငွေတွေကို အသုံးပြုမယ်လို့ ရည်ရွယ်ထားပါတယ်” ဟု မစ်စလာက ပြောကြားခဲ့သည်။

အမေရိကန်၏ ၁၀ ခုမြောက်အများဆုံး ဖြစ်လာသည့် jackpot ကို ရရှိစေခဲ့သော ထီနံပါတ်များမှာ ၂၈-၃၀-၃၉-၅၉-၇၀ ဖြစ်ပြီး Mega Ball နံပါတ်မှာ ၁၀ ဖြစ်သည်။ ပေါက်မည့် ထီလက်မှတ်ကို ပေါ့ရီချီရှိ 7 - Eleven ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အရောင်းဆိုင်က အပိုဆုကြေးအဖြစ် ဒေါ်လာ ၁၀၀၀၀၀ ရရှိမည် ဖြစ်သည်။

Tampa Bay Times တွင် ဖော်ပြချက်အရ မစ်စလာသည် ဇန်နဝါရီ ၁၂ ရက်က ဖလော်ရီဒါထီရုံးချုပ်သို့ ထီလက်မှတ်လာ အပ်စဉ်က ပြုံးဖြီးနေခဲ့ပြီး ဖခင်နှင့်ရှေ့နေဖြစ်သူတို့လည်း အတူလိုက်ပါလာခဲ့ကြသည်။

“ကျွန်တော် ဒီကမ္ဘာပေါ်မှာ နေထိုင်ရသေးတဲ့ ကာလတိုအတွင်းမှာ သိရှိခဲ့တာတစ်ခုကတော့ ကောင်းမွန်တဲ့စိတ်ထားကို ထိန်းသိမ်းပြီး စစ်မှန်စွာနေထိုင်တဲ့သူတွေဟာ အကျိုးခံစားရတယ် ဆိုတာပါပဲ” ဟု မစ်စလာက ပြောကြားသွားခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်နေကြောင်းလည်း ပြောကြားခဲ့သည်။

မစ်စလာသည် ထီပေါက်ပြီးသည့် အချိန်မှစပြီး ဒေသတွင်းရှိ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် ၎င်း၏အလုပ်မှ အနားယူလိုက်ပြီဟု သိရသည်။ ထို့ပြင် လက်ရှိနေထိုင်နေသည့် ပေါ့ရစ်ချီမှလည်း ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်အနေနဲ့ မိသားစုကို ပြန်ကြည့်လိုပြီး ပျော်ရွှင်အောင်နေပါမယ်။ ဒါ့အပြင် ဒီငွေကြေးအောင်မြင်မှုဟာ နောက်အနာဂတ်အထိ ဆက်လက်သက်တမ်းရှည်စေရန်လည်း လုပ်ဆောင်သွားပါမယ်”  ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Ref ; AFP

Most Read

Most Recent