ဂျပန်တွင် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် ရထားပေါ်တွင် လူ ၄၃၀ ခန့် သောင်တင်

ဂျပန်တွင် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် ရထားပေါ်တွင် လူ ၄၃၀ ခန့် သောင်တင်
Published 14 January 2018

ဇန်နဝါရီ ၁၂ ရက်က တိုကျိုမြောက်ပိုင်း နီဂါတာစီရင်စုတွင် ရပ်နားထားရသည့် ရထားတစ်စင်းမှ ထွက်ခွာလာသည့် ခရီးသည်များ (Photo - AP)

ဂျပန်ပင်လယ်ကမ်းရိုးတန်း၏ နေရာအများစု၌ ဆီးနှင်းအလွန်အမင်းကျဆင်းခဲ့မှုကြောင့် ရထားတစ်စင်းပေါ်တွင် လူ ၄၃၀ ခန့်သည် ညလုံးပေါက် သောင်တင်နေခဲ့ကြောင်း ရထားပို့ဆောင်ရေးတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ရထားသည် ဇန်နဝါရီ ၁၁ ရက် ညနေက ပြေးဆွဲမှုရပ်ဆိုင်းခဲ့ရပြီးနောက် ၁၅ နာရီ ခန့်အကြာတွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲမတိုင်မီ ပြန်လည်ထွက်ခွာခဲ့ကြောင်း JR East ရထားကုမ္ပဏီ၏ နီဂါတာဌာနခွဲမှ ပြောခွင့်ရပုဂ္ဂိုလ် ရှီနီချီဆီကီက ပြောကြားခဲ့သည်။

တွဲလေးတွဲပါသော ယင်းရထားသည် ဆီးနှင်းထူထပ်စွာ ကျဆင်းနေစဉ် ဇန်နဝါရီ ၁၁ ရက်တွင် သတ်မှတ်ချိန်ထက် တစ်နာရီကျော် နောက်ကျ၍ ညနေ ၄ နာရီ ၂၅ မိနစ်တွင် နီဂါတာမြို့မှ ထွက်ခွာခဲ့ကြောင်း ဆီကီက ပြောကြားခဲ့သည်။

ဆီးနှင်းကျဆင်းမှု ပိုမိုဆိုးရွားလာချိန်တွင် ရထားဘီးများက ဆက်သွား၍ မရတော့ခြင်းကြောင့် ဆန်ဂျိုရှိ တိုကိုဂျီနှင့် အိုဘီအိုရီ ဘူတာရုံများအကြား ရထားလမ်းဆုံတစ်ခု၌ ညနေ ၇ နာရီခန့်တွင် ယင်းရထားကို ရပ်ခဲ့ရကြောင်း သိရသည်။

ဆီးနှင်းထူထပ်စွာ ကျဆင်းနေပြီး  အပြင်တွင် မှောင်မိုက်နေပြီဖြစ်သောကြောင့် ခရီးသည်အားလုံးကို ရွှေ့ပြောင်းပေးမှုသည် အန္တရာယ်များလွန်းသည်ဟု တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ကြောင်း ဆီကီက ပြောကြားခဲ့သည်။ ယင်းရထားတွင် လျှပ်စစ်မီး၊ အပူပေး စနစ်နှင့် သန့်စင်ခန်းများလည်း ပါဝင်သည်။

ယင်းရထားသို့ ကယ်ဆယ်ရေးများ ရောက်ရှိလာချိန်တွင် အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး၊ ဆယ်ကျော်သက်အရွယ် နှင့် အသက် ၂၀ အရွယ်များရှိသော အမျိုးသမီးလေးဦးတို့ နေထိုင်မကောင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး ယင်းအမျိုးသားကို ဆေးရုံပို့ခဲ့ကြောင်း သိရသည်။

နီဂါတာမှ နာဂါအိုကာသို့ ထွက်ခွာသော ယင်းရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အားလုံး၏ ထက်ဝက်ကျော်အား ဇန်နဝါရီ ၁၂ ရက် အစောပိုင်းတွင် ၎င်းတို့၏ မိသားစုဝင်ဆွေမျိုးများက ကားများဖြင့် လာရောက်ခေါ်ယူခဲ့ကြကြောင်း သိရသည်။

ရထားပြေးဆွဲမှုသည် ဇန်နဝါရီ ၁၂ ရက်တွင် နှောင့်နှေးခြင်း သို့မဟုတ် ရပ်ဆိုင်းထားခြင်း ဆက်ရှိနေမည်ဟု ဆီကီက ပြောကြားခဲ့ပြီး ခရီးသွားများအား အလွန်အမင်း အဆင်မပြေဖြစ်စေခဲ့မှုအတွက် တောင်းပန်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ ခရီးသည်များအား ကယ်ဆယ်ရန်နှင့် ပြေးဆွဲမှုအား ပြန်လည်စတင်ရန် အချိန်ကြာမြင့်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး ကီအီချီအီရှီအီက ပြောကြားခဲ့သည်။

Ref ; AP,JPtimes

Most Read

Most Recent