တပ်မတော်က သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်း ဝန်ခံခြင်းသည် အပြုသဘောဆောင်သည့် ခြေတစ်လှမ်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တပ်မတော်က သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်း ဝန်ခံခြင်းသည် အပြုသဘောဆောင်သည့် ခြေတစ်လှမ်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 14 January 2018

ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည် (Photo- AFP)

ဖမ်းဆီးထားသော ဘင်္ဂါလီမွတ်စလင် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှု၌ တပ်မတော်သားများ ပါဝင်ပတ်သက်ခဲ့ကြောင်း မြန်မာတပ်မတော်က ပြောကြားခဲ့ပြီးနောက် တပ်မတော်အနေဖြင့် တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်အတွက် တာဝန်ယူနိုင်စွမ်းရှိခြင်းသည် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု မြန်မာအရပ်သားအစိုးရ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်စောင်တွင် မြန်မာတပ်မတော်က တပ်မတော်သားများနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများသည် စက်တင်ဘာလအစောပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွာတစ် ရွာ၌ မွတ်စလင်အကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများကို အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့်ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် တပ်မတော်က အမှားပြုလုပ်ခဲ့ကြောင်း ရှားရှားပါးပါး ဝန်ခံမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က “တပ်မတော်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်ပါမယ်” ဟု ပြောကြားခဲ့သည်။

၎င်းအပြင် “ဒါဟာ ကျွန်မတို့နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ရပ်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းသူ၏ Facebook စာမျက်နှာ၌ တင်ထားသည့် ပို့စ်တစ်ခုအရ သိရသည်။

“နိုင်ငံထဲမှာ တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတစ်နိုင်ငံအနေနဲ့ တာဝန်ယူဖို့ လိုအပ်တာကြောင့် ကျွန်မအနေနဲ့ အဲဒီလိုပဲ မြင်ပါတယ်။ ပြီးတော့ ဒါဟာ တာဝန်ယူခြင်းလမ်းပေါ်ရောက်လာတဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ဒါဟာ အပြုသဘောဆောင်တဲ့ အရာတစ်ခုပါ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မီဒီယာများသို့ စကားပြောကြားမှု နည်းပါးလှပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ လူသိရှင်ကြားပြောဆိုမှုလည်း နည်းပါးခဲ့သည်။ အရပ်သားအစိုးရအဖွဲ့၏ ထိန်းချုပ်မှုအောက်၌ မရှိသော တပ်မတော်သည် သြဂုတ် ၂၅ ရက်က ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တုံ့ပြန်သောအားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တန်ပြန်စစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။ ယင်းစစ်ဆင်ရေးကြောင့် ဘင်္ဂါလီမွတ်စလင်ရွာသားပေါင်း ၆၅၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးသွားခဲ့ကြသည်။

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမှ မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသော အင်းဒင်ကျေးရွာ၌ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများသည် နိုင်ငံသို့ ပြန်လာခိုင်းထားသော ဒုက္ခသည်များအတွက် စိုးရိမ်စရာဖြစ်နိုင်ပါသလားဟု မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က “လူတချို့ ကြောက်ကောင်းကြောက် နိုင်ပါတယ်။ ဒါပေမဲ့ဒါဟာ အခုလက်ရှိ ဖြစ်ပျက်နေတာမျိုး မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

Ref; Reuters