ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပီကေဝါးသည့် အကျင့်ကို ထုတ်ဖော်ရှင်းပြ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပီကေဝါးသည့် အကျင့်ကို ထုတ်ဖော်ရှင်းပြ
Published 13 January 2018

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဒါဗာအိုမြို့တွင် အခမ်းအနား တစ်ခုသို့တက်ရောက်လာသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် ဇနီး၊ ဂျပန်ဝန်ကြီးချုပ် အာဘေးနှင့် ဇနီး (Photo: AFP)

ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင်ပင် လူမြင်ကွင်း၌ ပီကေဝါးသည့်အကျင့်ရှိသော ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ၎င်း၏ကျောရိုးနာကျင်မှုမှ သက်သာရာရစေရန် ပီကေဝါးခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါသထွက်လွယ်သည့် အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒူတာတေးသည် မိန့်ခွန်းများ၌ ဆဲဆိုကြိမ်းဝါးမှုများ၊ လူမြင်ကွင်း၌ ပီကေဝါးမှုများ၊ ထသွားထလာ အဝတ်အစားများ ဝတ်ဆင်မှု၊ တစ်ခါတစ်ရံ ခြေအိတ်များ ချွတ်ထားမှုစသည်တို့ဖြင့် သင့်တင့်လျောက် ပတ်စွာနေထိုင်ရမည့် အမူအကျင့်များဆိုင်ရာ အစဉ်အလာကို ချိုးဖောက်ခဲ့သည်။

၎င်း၏တာဝန်ထမ်းဆောင်မှုများအတွက် ပြည်သူက သူ့ကို မည်သို့ပြန်လည် ပေးဆပ်သင့်ကြောင်း ဇန်နဝါရီ ၁၁ ရက်က သီးသန့်တွေ့ဆုံမှုတစ်ခု၌ မိန့်ခွန်းပြောရာတွင် ဒူတာတေးက ၎င်း၏ ပီကေဝါးတတ်သည့်အကျင့်ကို ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။

ပီကေဝါးနေလျှင် နာကျင်မှုသက်သာစေသောကြောင့် ၎င်းအား ပီကေသာပေးရန် ဒူတာတေးက ပြောကြားခဲ့ကြောင်း သမ္မတရုံးက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော မိန့်ခွန်းမှတ်တမ်းအရ သိရသည်။

၎င်း၏ ကျောရိုးအခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ရာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒူတာတေးက အကြံပြုခဲ့သော်လည်း အသေးစိတ်ကို မပြောကြားခဲ့ပေ။ ပီကေဝါးခြင်းက နာကျင်မှုအား အတော်အသင့် သက်သာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒူတာတေးသည် တရုတ်သမ္မတရှီကျင်ပင်းနှင့်တွေ့ဆုံစဉ်အတွင်း ရိုင်းစိုင်းသော အပြုအမူအဖြစ် ရှုမြင်ခံရသည့် ပီကေဝါးနေသည်ကို ရိုက်ကူးထားသည့်ဗီဒီယို ထွက်ပေါ်ခဲ့အပြီး နိုင်ငံတော်အခမ်းအနားနှင့် သံခင်းတမန်ခင်းတွင် လိုက်နာအပ်သော လုပ်ထုံး လုပ်နည်းနှင့်ကျင့်ထုံးများအား အလွန်အမင်း သတိထားသည့် ဂျပန်တာဝန်ရှိသူများသည်  ပြီးခဲ့သောနှစ်တွင် ဂျပန်ဧကရာဇ်အာကီဟီတိုနှင့် ဒူတာတေးတို့ မတွေ့ဆုံမီ အနေအထိုင် အပြောအဆိုမတတ်မှုနှင့် ပတ်သက်၍ တပ်လှန့်မှု လုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကမ္ဘောဒီးယားဘုရင် နိုရွန်ဒွန်သီဟာမုနိနှင့် တွေ့ဆုံမှုအတွင်း ဒူတာတေးသည် အင်္ကျီလက်ရှည်ကို လိပ်တင်ထားပြီး ကော်လံကြယ်သီးဖြုတ်ထားကြောင်း ဓာတ်ပုံထွက်ပေါ်ခဲ့ရာ လူမှုမီဒီယာတွင် သဘောမကျသည့်မှတ်ချက်များစွာ ထွက်ပေါ်ခဲ့ ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဖိလစ်ပိုင်၏ အသက်ကြီးဆုံးသမ္မတ ဖြစ်သော ဒူတာတေးသည် ဖိလစ်ပိုင်တွင်လည်း တရားဝင်အခမ်းအနားများ၌ အလားတူ သမားရိုးကျမဟုတ်သော အပြုအမူများ နှင့် ဖက်ရှင်များကို ပုံမှန်ပြုလုပ်ဝတ်ဆင်ခဲ့ သည်။ ယခင်က ဆိုင်ကယ်မတော်တဆမှုများမှ ရရှိခဲ့သော ကျောရိုးဒဏ်ရာကြောင့် အားပြင်းသည့် အကိုက်အခဲပျောက်ဆေး fentayl ကို ပုံမှန်သုံးစွဲခဲ့ကြောင်း ဒူတာတေး က ၂၀၁၆ ခုနှစ်တွင် ဝန်ခံခဲ့သည်။

ထို့ပြင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိသော သွေးကြောရောင်ရမ်းမှု အပါအဝင်  ခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာနှင့် အပယိကဖျားနာမှုတို့ကိုလည်း ခံစားနေရကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။

Most Read

Most Recent