Facebook က News Feed တွင် မိတ်ဆွေများ၏ ပို့စ်များအား ရှေ့တန်းတင်ရန် ဆောင်ရွက်

Facebook က News Feed တွင် မိတ်ဆွေများ၏ ပို့စ်များအား ရှေ့တန်းတင်ရန် ဆောင်ရွက်
Published 13 January 2018

Facebook သုံးသူများ၏ News Feed များတွင် မိတ်ဆွေများနှင့် မိသားစုများ၏ ပို့စ်များအား  Page များနှင့် celebrity များထက်ပို၍ ဦးစားပေးမည့်အစီအစဉ်ကို  Facebook က  ဇန်နဝါရီ ၁၂ ရက်၌ ကြေညာခဲ့သည်။ ထိုအတွက်ကြောင့် Facebook တွင် အသုံးပြုချိန် နည်းသွားကြဖွယ်လည်း ရှိသည်။

Facebook က အသုံးပြုသူများအတွက် ပို့စ်များအား အဆင့်ခွဲခြားသည့်နည်းလမ်းကို ပြောင်းလဲမည်ဖြစ်ပြီး ပြောင်းလဲသွားသည့်နည်းလမ်းအရ အပြန်အလှန်တုံ့ ပြန်မှုများနှင့် ဆက်ဆံရေးများကို  ပို၍ အလေးပေးမည်ဖြစ်ကြောင်း News Feed ဆိုင်ရာ ထုတ်ကုန်မန်နေဂျာ ဂျွန်ဟက်မန်းက ပြောကြားခဲ့သည်။

“ဒါဟာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုပါ။ လူတွေက Facebook ပေါ်မှာ ရှိတဲ့ အချိန်နည်းသွားမှာပါ။ ဒါပေမဲ့ အချိန်ကို ပိုပြီးတန်ဖိုးရှိစွာ သုံးစွဲမှုဖြစ်လာမှာကြောင့် ကောင်းတယ်လို့ ကျွန်တော်တို့ ခံစားရပါ တယ်။ ပြီးတော့ အဆုံးမှာ ကျွန်တော်တို့ စီးပွားရေးအတွက် ကောင်းပါတယ်” ဟု ဟက်မန်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဥပမာ အိမ်ထောင်ရှင်တစ်ဦးက တင်ခဲ့သော မိသားစုဗီဒီယိုအပိုင်းအစသည်  နာမည်ကျော်တစ်ဦး သို့မဟုတ် လူကြိုက်များသော စားသောက်ဆိုင်တစ်ဆိုင်မှ ဗီဒီယို အတိုအထွာတစ်ခုထက် ပို၍အာရုံစိုက်မှု ရရှိလာမည်ဖြစ်သည်ဟုလည်း FAcebook က ဆိုခဲ့သည်။

Facebook သည် လူသားများအား ပေါင်းစည်းစေရန်နှင့် အစစ်အမှန်ကမ္ဘာတွင်  လူအသိုင်းအဝိုင်းများ ပိုမိုခိုင်မာတောင့်တင်းရေးကို ဦးစားပေးသည်ဟု Facebook တည်ထောင်သူနှင့် အမှုဆောင်ချုပ် မက် ဇက်ကာဘတ်က ပြောကြားထားသည်။ လာ မည့်သီတင်းပတ်များအတွင်း ကမ္ဘာတစ်ဝန်း ၌  ပြောင်းလဲတော့မည့် News Feed များ အစီအစဉ် ပြန်လည်သတ်မှတ်ခြင်းကြောင့် Facebook အသုံးပြုသူများသည် စီးပွားရေးလုပ်ငန်းများ၊ ကုန်အမှတ်တံဆိပ်များနှင့် မီဒီယာများမှ ပို့စ်များကို မြင်တွေ့ရမှုပိုနည်း လာမည်ဖြစ်ကြောင်း ဇက်ကာဘတ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

သတင်းတုများပျံ့နှံ့ရန် ခွင့်ပြုသည်ဟုဆိုကာ Google၊ Twitter  နှင့် Facebook တို့သည် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။ ယင်းပြဿနာအား ဖြေရှင်းရန် ရည်ရွယ်ပြီး ပြောင်းလဲမှုများကို Facebook က ဆက်တိုက်ဆောင်ရွက်ခဲ့သည်။

နှစ်သစ်ကူး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ထင်ရှားသော ဇက်ကာဘတ်၏ ယခုနှစ် ရည်ရွယ်ချက်မှာ လူမှုမီဒီယာကြီးအား ပြုပြင်ရန်ဖြစ်သည်ဟု သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ အလွဲသုံးမှုများနှင့် အမုန်းတရားဖြန့်ကျက်မှုများကို ပစ်မှတ်ထားမှု အပါအဝင် Facebook သို့ လာရောက်သုံးစွဲသည့်အချိန်များအား ကောင်းမွန်သော အချိန်များဖြစ်စေရန်အတွက် ဆောင်ရွက်သွားမည်ဟု ဇက်ကာဘတ်က နှစ်သစ်ကူးဆုံးဖြတ်ချက်တွင် ရေးသားထားသည်။

 

 

Most Read

Most Recent