ပါရီရှိ ကမ္ဘာကျော် Ritz ဟိုတယ်မှ ဒေါ်လာ ၄ ဒသမ ၇၅ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာများ လုယူခံရ

ပါရီရှိ ကမ္ဘာကျော် Ritz ဟိုတယ်မှ ဒေါ်လာ ၄ ဒသမ ၇၅ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာများ လုယူခံရ
Published 12 January 2018

ဇန်နဝါရီ ၁၀ ရက်က ပါရီရှိ Ritz ဟိုတယ်အပြင်ဘက်၌ ရပ်ထားသည့် ရဲကားတစ်စီး (Photo: AFP)

လက်နက်ကိုင် ဓားပြများသည် ဇန်နဝါရီ ၁၀ ရက်က ပါရီရှိ Ritz ဟိုတယ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေါ်လာ ၄ ဒသမ ၇၅ သန်းတန်ဖိုး ရှိသော လက်ဝတ်ရတနာများကို လုယူသွားခဲ့သည်။ ပုဆိန်များ ကိုင်ထားသော ငါးဦးပါအဖွဲ့သည် ဟိုတယ်၏ မြေညီထပ် ပြတင်းပေါက်များကို ခွဲဝင်ကာ လက်ဝတ်ရတနာများကို ရယူသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထွက်ပြေးသွားသော အမျိုးသားများအနက် သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဟိုတယ်ပတ်ဝန်းကျင်ရှိ လမ်းအချို့ကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခဲ့ကြောင်း အေအက်ဖ်ပီဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။

Ritz ဟိုတယ်၏ လမ်းမသို့ မျက်နှာမူထားသော ပြတင်းပေါက်များတွင် နာမည်ကျော်တန်ဖိုးကြီး အမှတ်တံဆိပ်များက ၎င်းတို့၏ လက်ဝတ်ရတနာများကို ခင်းကျင်းပြသထားသည်။ Place Vendome ရင်ပြင်သည် တန်ဖိုးကြီး နာရီများနှင့် လက်ဝတ်ရတနာများကို ခင်းကျင်းပြသထားသည့် ဆိုင်များရှိသည့် နေရာဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်လက်နက်ကိုင်ဓားပြများက Place Vendome ကို အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး လက်ဝတ် ရတနာများကို လုယုခဲ့ပြီးနောက် ယင်းဧရိယာတွင် လုံခြုံရေးကို မြှင့်တင်ထားခဲ့သည်။

ပါရီ၌ လက်ဝတ်ရတနာ လုယက်မှုတွင်  အထင်ရှားဆုံးမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာက အမေရိကန်ရုပ်သံစတား ကင်ကာဒစ်ရှန်အား လုယက်မှုဖြစ်ပြီး ရဲဝတ်စုံဝတ်ဆင်ထားသော အမျိုးသားငါးဦးက ကာဒစ်ရှန်အား သေနတ်ဖြင့် ထောက်ကာ ယူရိုကိုးသန်းခန့် တန်ဖိုးရှိသည့် လက်ဝတ်ရတနာများကို လုယူသွားခဲ့သည်။

Most Read

Most Recent