ထရန့်က ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း ပထမဆုံးတက်ရောက်သည့် အမေရိကန်သမ္မတ ဖြစ်လာမည်

ထရန့်က ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း ပထမဆုံးတက်ရောက်သည့် အမေရိကန်သမ္မတ ဖြစ်လာမည်
Published 11 January 2018

ဇန်နဝါရီ ၉ ရက်က အိမ်ဖြူတော်တွင် ရွှေ့ပြောင်းအခြေချမူဝါဒ ဆွေးနွေးပွဲ၌ စကားပြောနေသော သမ္မတထရန့် (Photo: AP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ လူအများကြိုက်ဝါဒီ သတင်းစကားများကို ယခုလအနှောင်းပိုင်းတွင် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအထက်လွှာများအား တိုက်ရိုက်ပြောကြားမည်ဖြစ်ရာ ဒါဗို့စ်တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း အမေရိကန်သမ္မတတစ်ဦးက ပထမဆုံးအကြိမ် တက်ရောက်မှုဖြစ်လာမည်ဖြစ်သည်။

အမျိုးသားရေးဝါဒဖြစ်သော အမေရိကန်သည်သာ ပထမဟူသော လှုံ့ဆော်မှုဖြင့် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ထရန့်သည် ဆွစ်ဇာလန်တွင် နှစ်စဉ်ကျင်းပသည့် ယင်းဖိုရမ်သို့ တက်ရောက်ပြီး ၎င်း၏ကိုယ်ပိုင်အမြင် အနည်းငယ်အား မျှဝေဖွယ်ရှိဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ သူ၏ အမေရိကန်သည်သာ ပထမ မူဝါဒကို ကမ္ဘာ့ခေါင်းဆောင်များထံ တင်ပြရန် အခွင့်အလမ်းအား သမ္မတက ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါးစ်က ပြောကြားခဲ့သည်။

ဥရောပ နှင်းလျှောစီးစခန်းတွင် ခေတ္တနေထိုင်မှုသည် အဆက်အသွယ် ပြတ်တောက်သွားမည်ကို စိုးရိမ်၍ အမေရိကန်သမ္မတ အဆက်ဆက်သည် နှစ်စဉ်ကျင်းပသော ခမ်းနားသည့် ယင်းဖိုရမ်ကို ရှောင်လွဲှခဲ့ကြသည်။ ယင်းဖိုရမ်သို့ အမေရိကန်သမ္မတဟောင်း ဘီကလင်တန်က ၂၀၀၀ ပြည့်နှစ်တွင် နောက်ဆုံးတက်ရောက်ထားသည်။

အိမ်ခြံမြေလုပ်ငန်းရှင်မှ သမ္မတဖြစ်လာခဲ့သော ထရန့်သည် ချမ်းသာသူနှင့် ထင်ရှားသူများ အဝန်းအဝိုင်းကို ရှောင်လွဲှမှု ရှားပါးပြီး ပထဝီနိုင်ငံရေးဆိုင်ရာ မက်လုံးကလည်း ယင်းဖိုရမ်သို့ တက်ရောက်ရန် ဆွဲဆောင်ခဲ့ဖွယ်ရှိသည်။ ပြီးခဲ့သောနှစ်တွင် ဒါဗို့စ်ဖိုရမ်သို့ တရုတ်သမ္မတရှီကျင်ပင်း တက်ရောက်ခဲ့မှုက လွှမ်းမိုးခဲ့သည်။ ယင်းဖိုရမ်သို့ တက်ရောက်ခဲ့သော ပထမဆုံးတရုတ်သမ္မတဖြစ်သည့် ရှီက ထရန့်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလေလုံးများ ရင်ဆိုင်နေရစဉ် လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းအား ကာကွယ်ရေးကို အရှိန်မြှင့်တင်ခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲတွင် မည်သူမျှ အနိုင်မရနိုင်ကြောင်း ရှီက သတိပေးလျက် တရုတ်သည် အမေရိကန်ထွက်ခွာမှုကြောင့် လစ်လပ်ခဲ့သောနေရာအား ဝင်ယူရန် အရှိန်မြှင့် ကြိုးပမ်းနေမှုကို စိုးရိမ်မှုမြင့်တက်စေခဲ့သည်။

ဆယ်စုနှစ်များစွာ သုံးစွဲမှုများအတွင်း တရုတ်က သီရိလင်္ကာမှသည် ဇမ်ဘီယာအထိတို့တွင် အခြေခံအဆောက်အအုံ စီမံကိန်းများစွာအတွက် ထောက်ပံ့ပေးလျက် နိုင်ငံရေး သြဇာလွှမ်းမိုးနိုင်ရန်လည်း အမြဲတစေ ကြိုးပမ်းခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ထရန့်အစိုးရကိုယ်စားပြု တက်ရောက်ခဲ့သော ကိုယ်စားလှယ် အန်သိုနီစကာရာမူချီက တရုတ်သည် အပြောနှင့်အလုပ်ညီရန် စိန်ခေါ်ခဲ့သည်။

ယခုနှစ် ဒါဗို့စ်ဖိုရမ်ကို Creating a Shared Future in a Fractured World ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ထရန့်က မည်သည့်နေ့ရက်တွင် တက်ရောက်မည်ကိုမူ အတိအကျ မသိရသေးပေ။

Ref: AFP

Most Read

Most Recent