ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သတင်းထောက်များ အနေဖြင့် ၎င်း၏ပုံတူကို မေးခွန်းမေးရန် ပြောကြား

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သတင်းထောက်များ အနေဖြင့် ၎င်း၏ပုံတူကို မေးခွန်းမေးရန် ပြောကြား
Published 10 January 2018

ဇန်နဝါရီ ၈ ရက်က ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ် (ဝဲ) က ၎င်း၏ ပုံတူကတ်ထူရုပ်ကို ညွှန်ပြနေစဉ် (Photo : AP)

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ဇန်နဝါရီ ၈ ရက်က အခမ်းအနားတစ်ခုသို့ လူတစ်ရပ်စာ အရွယ်ရှိသော ၎င်း၏ပုံတူ ကတ်ထူရုပ်တစ်ခုကို ယူလာခဲ့ပြီး ဂျာနယ်လစ်များ၏ မေးခွန်းမေးမြန်းမှုကို ရှောင်လွှဲကာ ယင်းအရုပ်ကိုသာ မေးကြရန် ပြောကြားခဲ့သည်။

ချန်အိုချာသည် လှည့်ထွက်သွားခဲ့ပြီးနောက် ၎င်းပုံတူကတ်ထူရုပ်ကို ချန်ထားခဲ့ရာ အစိုးရအိမ်တော် သတင်းပြန်ကြားရေး နေရာ၌ သတင်းထောက်များသည် စိတ်ရှုပ်ထွေးသည့် ပုံစံနှင့် ကသိကအောက်ဖြစ် ကျန်ခဲ့ကြသည်။

လာမည့် ကလေးများနေ့ အခမ်းအနားအား ကြော်ငြာသည့် အစီအစဉ်သို့ တက်ရောက်ခဲ့ပြီးနောက် ချန်အိုချာက မီဒီယာကို စကားအနည်းငယ် ပြောခဲ့သည်။ သို့သော် နိုင်ငံရေးကိစ္စရပ်များအား မည်သူမျှ မမေးလိုက်နိုင်မီ ၎င်းက ပုံတူရုပ်တုကိုထား၍ ထွက်သွားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် သွေးမြေမကျဘဲ အာဏာသိမ်းခဲ့သည့် ပရာယွတ်က မီဒီယာအား အံ့အားသင့်စေရန် လုပ်ဆောင်မှုသည် ယခုအကြိမ်က ပထမဆုံး မဟုတ်ခဲ့ပေ။ လက်တန်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပရာယွတ်သည် အသံပိုင်းပညာရှင် တစ်ဦး၏ နားရွက်အား မိနစ်အနည်းငယ်ကြာ ပွတ်သပ်ခဲ့ဖူးသည်။ ထို့ပြင် ကင်မရာရိုက်ကူးသူအား ငှက်ပျောသီးအခွံဖြင့် ပစ်ပေါက်ပြီး ၎င်း၏ အစိုးရအား ဝေဖန်သည့် မည်သည့် ဂျာနယ်လစ်ကိုမဆို ကွပ်မျက်သွားမည်ဟု ဟာသနှော၍ ခြိမ်းခြောက်ခဲ့ဖူးသည်။

Ref : AFP

Most Read

Most Recent