ရေကြီးမှုနှင့် ဆောင်းမုန်တိုင်းတို့ကြောင့် နယူးယောက်၏ JFK လေဆိပ်တွင် ဝရုန်းသုန်းကားများဖြစ်ပေါ်

ရေကြီးမှုနှင့် ဆောင်းမုန်တိုင်းတို့ကြောင့် နယူးယောက်၏ JFK လေဆိပ်တွင် ဝရုန်းသုန်းကားများဖြစ်ပေါ်
Published 9 January 2018

ဇန်နဝါရီ ၇ ရက်က နယူးယောက်ရှိ JFK လေဆိပ်ခန်းမဆောင် (၄) တွင် သန့်ရှင်းရေးလုပ်နေကြသော အလုပ်သမားများ (Photo: AFP)

နယူးယောက်မြို့ရှိ အထင်ကရ ဂျွန်အက်ဖ်ကနေဒီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝရုန်းသုန်းကားများဖြစ်နေသည်မှာ ဇန်နဝါရီ ၇ ရက်တွင် သုံးရက်မြောက်ရှိပြီဖြစ်သည်။ ပြင်းထန်လှသော အအေးဒဏ်၊ လူ သေဆုံးမှုရှိသည့် ဆောင်းမုန်တိုင်းကြီးတို့ကြောင့် လေဆိပ်၌ ရှည်ကြာလှသည့်နှောင့် နှေးမှုများစွာ ဖြစ်ပေါ်ခဲ့သည့်အတွက် သောင်တင်နေသည့် ခရီးသည်များစွာက ဒေါသဖြစ်နေရစဉ် လေဆိပ်ခန်းမတစ်ခု၌ ရေကြီးမှုတစ်ခုလည်း ဖြစ်ပေါ်ခဲ့သေးသည်။

JFK လေဆိပ်၏ အမှတ်လေးခန်းမဆောင်တွင် ရေပိုက်ပေါက်ပြီး ရေကြီးသွားသည့်အတွက် ဆိုက်ရောက်ခရီးစဉ် အများအပြားအတွက် အနှောင့်အယှက်များစွာဖြစ်ခဲ့ရသည်။ မျက်နှာကြက်၌ သွယ်တန်းထားသော ရေပိုက်မှ ရေများယိုကျခဲ့ရာ ဆိုက်ရောက်နေရာတွင် သုံးလက်မဝန်းကျင်အထိ ရေများမြင့်တက်သွားခဲ့သည်။ ရေကြီးမှုဖြစ်ခဲ့သည့်နေရာတို့တွင် လုံခြုံရေးအတွက် လျှပ်စစ်မီးများကိုလည်း ဖြတ်တောက်လိုက်ရကြောင်း သိရသည်။ လူဦးရေ ၈ ဒသမ ၅ သန်းနေထိုင်ပြီး အမေရိကန်၏ဘဏ္ဍာရေးမြို့တော်ဖြစ်သည့် နယူးယောက်တွင် အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုများနှင့် ပတ်သက်၍မကျေမနပ် ဝေဖန်မှုများမှာ ယခုဖြစ်စဉ်ကြောင့်  ပိုမိုထင်ရှားခဲ့ရသည်။

ယခု ရေပိုက်ပေါက်ရသည့် ကိစ္စသည် ရာသီဥတုဒဏ်ကြောင့် ဖြစ်ဖွယ်ရှိသော်လည်း အဆိုပါရေပိုက်သည် မည်သည့်အတွက်ကြောင့်  ရာသီဥတုဒဏ်မခံနိုင်ရသနည်းနှင့် ယခုဖြစ်စဉ်အတွင်း အခြားသော ပျက်စီးမှုများလည်း ဖြစ်ခဲ့ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်။

ထိုရေကြီးမှုဖြစ်စဉ်ကြောင့် ပြည်ပလေကြောင်း ခရီးစဉ်အများအပြားကို အခြားလေဆိပ် သို့မဟုတ် အခြားခန်းမဆောင်သို့ လွှဲပြောင်းပေးလိုက်ရသည်။

ခန်းမဆောင်၏ကြမ်းပြင်မှာပင် အိပ်စက်ရခြင်း၊ ဂိတ်ထဲသို့ဝင်ခွင့်ရရန်လေယာဉ်ပေါ်မှာပင် နာရီနှင့်ချီ၍ စောင့်ဆိုင်းရခြင်း၊ ခရီးဆောင်အိတ်ရရန် ကြာရှည်စွာ စောင့်ရခြင်းတို့ကြောင့် ပင်ပန်းနွမ်းနယ်နေသည့် ခရီးသည်များကြားတွင်လည်း ဒေါသထွက်မှုများ ရှိခဲ့သည်။

ပြင်းထန်လှသည့် အအေးဒဏ်နှင့် မုန်တိုင်းပြန်လည်တည်ထောင်ရေးတို့ကြောင့် JFK  လေဆိပ်တွင် ပြဿနာများစွာဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်ကလည်း လေဆိပ်ခန်းမဆောင်တစ်ကို ယာယီပိတ်လိုက်ရကာ လေယာဉ်ခရီးစဉ် ၉၄ ခုကိုလည်း ဖျက်သိမ်းလိုက်ရသည်။

အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းသည် ရက်ပေါင်းများစွာ စံချိန်တင် အပူချိန်ကျဆင်းမှုနှင့် ကြုံနေရပြီး ဇန်နဝါရီ ၄ ရက် ကမူ လူ ၂၂ ဦးထက်မနည်းကို သေစေခဲ့သည့်  Bomb Cyclone မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်။ မုန်တိုင်းအတွင်းက ဆီးနှင်းအများဆုံး ကျဆင်းသည့် နေရာဖြစ်သော ဘော်စတွန်တွင် ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက အပူချိန်သည် အနုတ် ၁၉ ဒီဂရီ ဆဲစီးယပ်စ်အထိ ကျဆင်းခဲ့သည်။

Most Read

Most Recent