တရုတ်ကမ်းရိုးတန်း အလွန်တွင် အီရန်ရေနံတင်သင်္ဘော မီးလောင်ပြီး ပေါက်ကွဲမည့်အန္တရာယ် ကြုံနေရ

တရုတ်ကမ်းရိုးတန်း အလွန်တွင် အီရန်ရေနံတင်သင်္ဘော မီးလောင်ပြီး ပေါက်ကွဲမည့်အန္တရာယ် ကြုံနေရ
Published 9 January 2018

အီရန်ရေနံတင်သင်္ဘော မီးလောင်နေမှုအား ရိုက်ကူးထားသည့် ဓာတ်ပုံကို ကိုရီးယား ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ထုတ်ပြန်ပေးခဲ့စဉ် (Photo : AFP)

တရုတ်ကမ်းရိုးတန်း အလွန်တွင် မီးလောင်ခဲ့သော အီရန်ရေနံတင်သင်္ဘော တစ်စင်းသည် ပေါက်ကွဲမည့် သို့မဟုတ် နစ်မြုပ်မည့်အန္တရာယ် ကြုံနေရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသင်္ဘောသည် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ၃၆ နာရီအကြာတွင် သင်္ဘောပေါ်၌ အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရေနံတန်ချိန် ၁၃၆၀၀၀ သယ်ဆောင်လာသော ယင်းရေနံတင် သင်္ဘောတွင် မီးအလွန်အမင်း လောင်ကျွမ်းနေဆဲဖြစ်ပြီး ယင်းသင်္ဘောနှင့် အနီးဝန်းကျင်ရေပြင်မှ မီးခိုးလုံးကြီးများ ထွက်ပေါ်နေခဲ့သည်။ အီရန် ၃၀ နှင့် ဘင်္ဂလားဒေ့ရှ်နှစ်ဦးတို့ လိုက်ပါလာသော ယင်းသင်္ဘောဆီသို့ သွားရောက်ကယ်ဆယ်ရန် ကြိုးပမ်းသည့် ကယ်ဆယ်ရေးများသည် အဆိပ်သင့်နိုင်သော မီးခိုးထုကြီးကြောင့် လှည့်ပြန်လာခဲ့ရကြောင်း တရုတ်ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပနားမားအလံ လွှင့်ထားသော ၂၇၄ မီတာ (၈၉၉ ပေ)ရှည်သော ယင်းရေနံတင်သင်္ဘော ဆန်ချီသည် ပေါက်ကွဲမည့် သို့မဟုတ် နစ်မြုပ်မည့်အန္တရာယ် ကြုံနေရကြောင်း၊ ယင်းမီးလောင်မှုသည် ရှန်ဟိုင်းအရှေ့ဘက် ရေမိုင် ၁၆၀ ခန့်အကွာတွင် ဇန်နဝါရီ ၆ ရက် ညနေ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အီရန်၏ ဂလိုရီသင်္ဘောကုမ္ပဏီက လုပ်ကိုင်နေသော ယင်းရေနံတင် သင်္ဘောသည် တောင်ကိုရီးယားသို့ ဦးတည်သွားရောက်စဉ် ဟောင်ကောင်အလံ လွှင့်ထူထားသည့် ဂျုံတန်ချိန် ၆၄၀၀၀ တင်ဆောင်လာသော ကုန် တင်သင်္ဘော CF Crystal နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။ အစိုးရပိုင်ရေယာဉ် ၁၀ စင်းနှင့် ငါးဖမ်းသင်္ဘော အများအပြားသည် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးတို့တွင် ကူညီခဲ့ကြပြီး တောင်ကိုရီးယား ကမ်းရိုးတန်းစောင့် သင်္ဘောတစ်စင်းလည်း ပါဝင်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းသင်္ဘောအား အီရန်အမျိုးသား ရေနံတင်သင်္ဘောကုမ္ပဏီ NITC က ပိုင်ဆိုင်ပြီး တောင်ကိုရီးယားသို့ ကုန်စည်များ ပေးပို့နေကြောင်း အီရန်ရေနံ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်တွင်လည်း NITC ၏ ရေနံတင်သင်္ဘော တစ်စင်းနှင့် ကုန်တင်သင်္ဘောတစ်စင်းတို့သည် စင်ကာပူ ရေလက်ကြားတွင် တိုက်မိခဲ့သေးသော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

Ref : AFP

Most Read

Most Recent