မြန်မာလုံခြုံရေးတပ်များကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်အဖွဲ့ ပြောကြား

မြန်မာလုံခြုံရေးတပ်များကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်အဖွဲ့ ပြောကြား
Published 8 January 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပလောင်းခါလီတွင် အောက်တိုဘာ ၁၇ ရက်က ၂၀၁၇ ခုနှစ်က မြန်မာဘက်မှ ထပ်ရောက်လာသော ဘင်္ဂါလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နယ်စပ် စောင့်စစ်သားတစ်ဦးက စစ်ဆေးမေးမြန်းနေစဉ် (Photo - AP)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တို့အား ချုံခိုတိုက်ခိုက်ခဲ့မှုဖြစ်စဉ်မှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ARSA ဟုခေါ်သော ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်အဖွဲ့က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သီတင်းပတ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်ဖြစ်သော ထိုတိုက်ခိုက်မှုတွင် ဒဏ်ရာရသွားသူအချို့ရှိသည်ဟု သိရသည်။

ယခင်နှစ် သြဂုတ်လက ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် တပ်မတော်၏ လက်တုံ့ပြန် နှိမ်နင်းမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း ဘင်္ဂါလီ ၆၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

ARSA ဟု ခေါ်သော ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်အဖွဲ့သည် ပြီးခဲ့သည့်လများ အတွင်းကလည်း တိုက်ခိုက်မှုအချို့ လုပ်ဆောင်ခဲ့သေးသည်။

မြန်မာတပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ဇန်နဝါရီ ၅ ရက်က လက်လုပ်မိုင်းများ၊ သေနတ်များပါလာသည့် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမား ၁၀ ဦးခန့်သည် ကားတစ်စီးဖြင့် ဝင်တိုက်ခိုက်ခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယာဉ်မောင်းတို့ ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

ARSA က ထိုချုံခိုတိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ဇန်နဝါရီ ၇ ရက်က ၎င်းတို့၏တရားဝင် Twitter အကောင့် ပို့စ်တစ်ခုတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ARSA ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က မြန်မာအကြမ်းဖက်တပ်ကို ချုံခိုတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တဲ့အကြောင်း ဒီကနေ ကြေညာလိုက်ရပါတယ်” ဟု ရေးသားထားသည်။ သို့သော် မောင်တောမြို့တွင်ဖြစ်ခဲ့သည့် ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အခြားအသေးစိတ် အကြောင်းအရာတို့ကို မဖော်ပြခဲ့ပေ။

ယခင်နှစ် သြဂုတ်လက လူတစ်ဒါဇင်ထက်မနည်းကို သေစေခဲ့သော တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အုပ်စုဖြစ်သော ARSA အဖွဲ့သည် လက်နက်အင်အားနည်းကာ လျှို့ဝှက်သိုသိပ်သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းတို့က ဘင်္ဂါလီတို့အတွက် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် တိုက်ခိုက်နေရသည်ဟု ဆိုကြသည်။

ဘင်္ဂါလီမွတ်စလင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံရေးအနာဂတ်များနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များကိုချမှတ်ပါက ၎င်းတို့ကို တိုင်ပင်ရမည်ဟု ARSA ၏ ဇန်နဝါရီ ၇ ရက် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိ ARSA အဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းကို မသိရသေးပေ။ သို့သော် ပြီးခဲ့သည့်လက နိုင်ငံတကာ ပဋိပက္ခရေးရာအဖွဲ့၏ ထုတ်ပြန်ချက်အရ ARSA သည် ပြန်လည်လူစုရန် ဆုံးဖြတ်ထားပုံရပြီး ပတ်သက်မှုရှိနေသေးကြောင်း ဖော်ပြသွားခဲ့သည်။ ထို့ပြင် ARSA သည် နောင်တွင်ပြုလုပ်မည့် တိုက်ခိုက်မှုများအတွက် ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီမွတ်စလင်များကို ဆွဲဆောင်သွားဖွယ်ရှိကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ရခိုင်ပြည်နယ်ထဲ၌ အကြမ်းဖက်မှုဖြစ်စဉ် အနည်းငယ်ပြန်တက်လာခြင်းကပင် ယခုလနှောင်းပိုင်းတွင်စတင်မည့် ဒုက္ခသည်များ နေရပ်သို့ပြန်ပို့ရန် အစီအစဉ်များအတွက် အထူးစိုးရိမ်စရာဖြစ်လာလိမ့်မည် ဖြစ်သည်။ ဇန်နဝါရီ ၂၃ ရက်တွင် ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီမှု ရရှိထားကြသည်။

Ref ; AFP

Most Read

Most Recent