မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးလိုစိတ်ရှိကြောင်း ထရန့် ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးလိုစိတ်ရှိကြောင်း ထရန့် ပြောကြား
Published 8 January 2018

၂၀၁၅ ခုနှစ် သြဂုတ် ၂၂ ရက်က တောင်ကိုရီးယား အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူး၊ ပြန်လည်ရင်ကြားစေ့ရေးဝန်ကြီးတို့ မြောက်ကိုရီးယား၏ ထိပ်တန်းနိုင်ငံရေးပုဂ္ဂိုလ်များနှင့် လက်ဆွဲနှုတ်ဆက်နေစဉ် (Photo - AFP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကင်ဂျုံအွန်နှင့် တိုက်ရိုက်စကားပြောဆိုရန် လိုလားသည့်အကြောင်း ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့သည်။ ထို့ကြောင့် တောင်နှင့်မြောက်ကိုရီးယားတို့ ရှားရှားပါးပါးပြုလုပ်ကြမည့် ဆွေးနွေးပွဲသည် မြောက်ကိုရီးယား၏ နျူကလီးယားရည်မှန်းချက်ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခကို အရှိန်လျော့ကျစေနိုင်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။

ထရန့်၏ ယခုမှတ်ချက်များသည် ကင်နှင့် မြောက်ကိုရီးယားအပေါ် ပုံမှန်ပြောနေကျ ၎င်း၏ရန်လိုသော လေသံများနှင့် ကွာခြားလျက်ရှိသည်။

“ကျွန်တော်ဟာ ဆွေးနွေးခြင်းအပေါ် အမြဲယုံကြည်မှုရှိပါတယ်” ဟု Camp David သမ္မတဆိတ်ငြိမ်ရိပ်သာသို့ ရောက်နေသော ထရန့်က ကင်ကို ဖုန်းဖြင့်စကားပြောမပြော မေးမြန်းမှုနှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အသေအချာပေါ့။ ဒါကို ကျွန်တော်လုပ်မှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး” ဟု ထရန့်က ပြောကြားသွားခဲ့သည်။ သို့သော် ထရန့်က ၎င်းသည် ကြိုတင်သတ် မှတ်ချက်မပါဘဲ ထိုသို့ကင်နှင့် စကားပြော မည်ဆိုသည့် အဓိပ္ပာယ် မသက်ရောက်ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယားတို့သည် နှစ်နှစ်အတွင်း ၎င်းတို့၏ ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးမှုကို ပြုလုပ်ကြတော့မည် ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထရန့်က ကိုရီးယားနှစ်နိုင်ငံသည် တောင်ကိုရီးယားတွင် ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်၌ မြောက်ကိုရီးယား ပါဝင်ရေးထက်ပိုသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ခဲ့သည်။ ဇန်နဝါရီ ၆ ရက်က မြောက်ကိုရီးယား၏ အိုလံပစ်ဆိုင်ရာ အရာရှိတစ်ဦးက ပါဝင်ရေးမှာ ဖြစ်နိုင်သည်ဟု ပြောသွားခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တစ်စုံတစ်ရာ အကျိုးထူးပါက မည်သို့ဖြစ်မည်နည်းဟူသော မေးခွန်းကို ထရန့်က]]ဒါဟာ လူသားအားလုံးအတွက် ကောင်းမွန်တဲ့ကိစ္စတစ်ရပ် ဖြစ်လာမှာပါ” ဟု ဖြေကြားခဲ့သည်။

ထရန့်သည် မြောက်ကိုရီးယားကို ရန်လိုသော ပုံစံဖြင့်ချဉ်းကပ်ပြီး ငြိမ်းချမ်းသော ဖြေရှင်းရေးအတွက် တောင်းဆိုနေသူ ဖြစ်သည်။ ဇန်နဝါရီ ၆ ရက်က ပြောကြားချက်မှာမူ ဆွေးနွေးမှုအတွက် လမ်းဖွင့်ပေးသည့်သဘောလည်း ဖြစ်လာခဲ့သည်။

“ဒီကိစ္စမှာ ကျွန်တော်သာ ဝင်မပါခဲ့ဘူးဆိုရင် သူတို့တတွေ အိုလံပစ်အတွက် ဘာဆွေးနွေးပွဲမှ လုပ်ဖြစ်မှာမဟုတ်ပါဘူး” ဟု ထရန့်က ပြောကြားသွားခဲ့သည်။ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကြီးများကို နောက်ရွှေ့ပေးရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို ထရန့်က သဘောတူလိုက်သည့်အတွက် တင်းမာမှုတို့လျော့ကျကာ ယခု တောင်-မြောက် ဆွေးနွေးပွဲ ဖြစ်ပေါ်ခဲ့ရသည်။  “၂၅ နှစ်လုံးလုံး တောင်ကိုရီးယားဟာ တင်းမာတဲ့ရပ်တည် ချက်ကိုင်စွဲခဲ့တာ မဟုတ်ပါဘူး။ သူတို့ကချည်း အားလုံးကို ပေးနေတာပါ” ဟု ထရန့်က ပြောကြားသွားခဲ့သည်။

Ref ; AFP

Most Read

Most Recent