ထရန့်က ကိုယ့်ကိုယ်ကိုယ် အလွန်ထူးချွန်သည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်ထက်မြက်သည်ဟု ချီးမွမ်း

ထရန့်က ကိုယ့်ကိုယ်ကိုယ် အလွန်ထူးချွန်သည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်ထက်မြက်သည်ဟု ချီးမွမ်း
Published 8 January 2018

ဇန်နဝါရီ ၆ ရက်က မေရီလန်းရှိ Camp David တွင် ရီပက်ဘလီကင်များနှင့် တွေ့ဆုံပွဲအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ သမ္မတထရန့်အား တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၆ ရက်က မိမိကိုယ်ကိုယ် အလွန်တည်ငြိမ်သည့် ပါရမီရှင်တစ်ဦးဟု ချီးမွမ်းပြောကြားသွားခဲ့သည်။ ထရန့်သည် ၎င်း၏ စိတ်ကျန်းမာရေးအပေါ်အများက မေးခွန်းထုတ်စရာဖြစ်ခဲ့သည့် အငြင်းပွားဖွယ် စာအုပ်တစ်အုပ် ထွက်ရှိလာပြီးနောက် ယခုကဲ့သို့ မိမိကိုယ်ကိုယ် ချီးမွမ်းခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် ထရန့်သည် ထိုစာအုပ်တွင်ပါဝင်သော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး Twitter ၌တက်ရေးခြင်း၊ Camp David သမ္မတရိပ်သာတွင် ကတိုက်ကရိုက်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း မှတ်ချက်ပေးခြင်းဖြင့်သာ တုံ့ပြန်ရသေးသည်။ လက်ရှိတွင် ဝါရှင်တန်၌ ထရန့်၏ တည်ငြိမ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် အသစ်တဖန် ထပ်မံထွက်ပေါ်လာသည့် မေးခွန်းထုတ်မှုများအား အာရုံစိုက်နေကြသည်။

ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းက ထွက်ပေါ်လာသည့် Twitter ပို့စ် တသီတစ်တန်းကြီးအတွင်း ထရန့်က “ကျွန်တော် ဘ၀ တစ်လျှောက်လုံးမှာ အဖိုးတန်ဆုံး အရည်အချင်း နှစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ ထက်မြက်တာပဲ ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။

“ကျွန်တော်ဟာ အရမ်းအောင်မြင်တဲ့ စီးပွားရေးသမား၊ ထိပ်သီးရုပ်သံကြယ်ပွင့်ကနေ အမေရိကန်သမ္မတအဖြစ်ကို တန်းရောက်ခဲ့တဲ့သူပါ။ ကျွန်တော့်အထင်တော့ ဒါတွေဟာ ထူးချွန်တယ်လို့ ပြောလို့ရချင်မှရပေမယ့် ပင်ကိုယ်စွမ်းရည်ရှိတာပါ။ အရမ်းကို တည်ငြိမ်တဲ့ ပါရမီရှင်တစ်ဦးပါ” ဟုလည်း သမ္မတထရန့်က ရေးသားခဲ့သည်။

ထရန့်အစိုးရအဖွဲ့က မတားမြစ်လိုက်နိုင်ဘဲ ထွက်ရှိလာခဲ့သော မိုက်ကယ်ဝုဖ်၏ Fire and Fury ; Inside the Trump White House စာအုပ်သစ်သည် ဇန်နဝါရီ ၅ ရက်က စာအုပ်ဆိုင်များပေါ်သို့ ရောက်လာခဲ့သည်။ ထိုစာအုပ်သည် ဝါရှင်တန်တွင် ခဏအတွင်းပင် ရောင်းကုန်သွားပြီး မြို့ထဲတွင်လည်း ပြောစရာတစ်ခုဖြစ်လာကာ Amazon ၏ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်း၏ ထိပ်ဆုံးသို့လည်း ရောက်ရှိခဲ့သည်။

Camp David  တွင် ထရန့်သည် လာမည့်နှစ်အတွက် လုပ်ငန်းစဉ်တစ်ခု ချမှတ်ရေးအတွက် ရီပက်ဘလီကင် ဥပဒေပြုအမတ်များ၊ ဝန်ကြီးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုတွေ့ဆုံမှုအတွင်း ထရန့်သည် လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှု၊ ဘတ်ဂျက်စီမံကိန်း၊ အခြေခံအဆောက်အအုံများ နှင့်ပတ်သက်၍ သုံးစွဲမှုတို့အပါအဝင် ဦးစားပေး ဥပဒေပြုရေးဆိုင်ရာ ကိစ္စများအပေါ် အာရုံစိုက်လာကြစေရန် စိတ်အားထက်သန်နေဖွယ်ရှိသည်။

ထို့ပြင် ထရန့်သည် ၎င်းနှင့် နာရီပေါင်းများစွာ မေးမြန်းခန်းပြုလုပ်ခဲ့သည်ဆိုသော မိုက်ကယ်ဝုဖ်၏ ပြောကြားမှုကို ငြင်းပယ်ခဲ့သေးသည်။ “ဟိုးအရင်တုန်းကတော့ ဆောင်းပါးတစ်ပုဒ်အတွက် ဒီလူနဲ့ ခဏလောက် အင်တာဗျူးလုပ်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို မသိပါဘူး။ အိမ်ဖြူတော်မှာ မေးမြန်းခန်းတွေ အကြာကြီးလုပ်ဖူးတယ်ဆိုတာ သူ့စိတ်ကူးထဲမှာဖြစ်မှာပါ” ဟု ထရန့်က ပြောကြားခဲ့သည်။

ထိုစာအုပ်သည် ဂုဏ်သရေပျက်ဖွယ် တစ်ခုဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ပိုမိုအားကောင်းသည့် အသရေဖျက်မှုဆိုင်ရာဥပဒေများ ရှိသင့်သည်ဟုလည်း အကြုံပြုသွားခဲ့သည်။

ထရန့်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီး မကြာမီမှာပင် ၎င်း၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအပေါ် ဝေဖန်သူများ၏ မေးခွန်းထုတ်ခြင်းကို ခံနေရသူဖြစ်သည်။ ထိုဝေဖန်သူတို့က Twitter ပေါ်၌ ထရန့်၏ ရေးသားမှုများ၊ မှတ်ချက်များက ၎င်းသည် စိတ်လိုက်မာန်ပါ လုပ်တက်သူ၊ စိတ်ကြွပ်ဆတ်သူ၊ ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်တတ်သူဖြစ်ကြောင်း ပြသနေသည်ဟု ထောက်ပြခဲ့ကြသည်။

Ref ; AFP

Most Read

Most Recent