မြောက်ကိုရီးယား၏ လေသံပြောင်းသွားခြင်းက ငြိမ်းချမ်းရေး သံလွင်ခက်လား၊ ထောင်ချောက်လား

မြောက်ကိုရီးယား၏ လေသံပြောင်းသွားခြင်းက ငြိမ်းချမ်းရေး သံလွင်ခက်လား၊ ထောင်ချောက်လား
Published 7 January 2018

တောင်နှင့်မြောက်ကိုရီးယားတို့၏ ဆွေးနွေးပွဲကျင်းပမည့် ပန်မန်ဂျွန်ကျေးရွာရှိ နယ်သတ်မျဉ်းနှင့် ငြိမ်းချမ်းရေးနေအိမ်တို့ရှေ့တွင် စောင့်ကြပ်နေကြသော မြောက်ကိုရီးယားစစ်သားများကို နိုဝင်ဘာ ၃၀ ရက် ၂၀၁၆ ခုနှစ်က တွေ့ရစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားသို့ သံလွင်ခက်ကမ်းပေးဟန်ဆောင်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ထောင်ချောက်ဆင်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။ ထို့ပြင် မြောက်ကိုရီးယား၏ နောက်ဆုံးရည်မှန်းချက်သည် ထိုနှစ်နိုင်ငံ၏ နှစ် ၇၀ ကြာမြင့်ပြီဖြစ်သော မဟာမိတ်ဆက်ဆံရေးကို ပြိုကွဲစေရန်လည်းဖြစ်နိုင်ကြောင်း သတိပေးနေကြသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်အတွင်းက အမေရိကန် ပြည်မကြီးအထိရောက်နိုင်သည့် ဒုံးအား ပစ်ခတ်စမ်းသပ်ခဲ့သည့်အပြင် ၎င်း၏ အင်အားအကြီးဆုံး နျူကလီးယား စမ်းသပ်မှုကြီးကိုလည်း ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား၏ ထိုလက်နက် ရည်မှန်းချက်များကြောင့် တင်းမာမှုများမှာ လပေါင်းများစွာ မြင့်တက်နေခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း အခြေအနေများက အလျင်အမြန်ပင် ပြောင်းလဲသွားခဲ့သည်။

ကင်ဂျုံအွန်သည် ၎င်း၏ နှစ်သစ်မိန့်ခွန်း၌ ၎င်းတို့နိုင်ငံသည်  ပြီးပြည့်စုံသည့် နျူကလီးယားအရန် အတားကို ရရှိခဲ့ကြောင်း၊ နျူကလီးယား ခလုတ်သည် ၎င်း၏ စားပွဲပေါ်တွင် အမြဲရှိနေကြောင်း ပြောကြားသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကင်သည် တောင်ကိုရီးယားအစိုးရအပေါ် လေသံပြောင်းလိုက်ကာ လာမည့်လတွင် တောင်ကိုရီးယား၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် ကစားသမားများ စေလွှတ်နိုင်ကြောင်း ပြောကြားပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလိုကြောင်းလည်း ထုတ်ဖော်ခဲ့သည်။

တောင်ကိုရီးယားသမ္မတမွန်း ဂျေအင်း၏ စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းမှုများကို တစ်လျှောက်လုံး ငြင်းပယ်ခဲ့ပြီးမှ မြောက်ကိုရီးယား၏ သဘောထားမှာ ၁၈၀ ဒီဂရီ ရုတ်ခြည်းပြောင်းသွားခြင်းလည်း ဖြစ်သည်

ထိုအချိန်မှစပြီး ကိုရီးယားနှစ်နိုင်ငံသည် အရေးပေါ်ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်ဖွင့်ခဲ့ကာ ပန်မန်ဂျွန်ကျေးရွာ၌ ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့သည်။ ပန်မန်ဂျွန်ကျေးရွာဆိုသည်မှာကို ရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်ထဲတွင်တည်ရှိသည့် နေရာဖြစ်သည်။

ထိုစဉ် အမေရိကန်ကလည်း မြောက်ကိုရီးယားကို ဒေါသူပုန်ထစေလေ့ရှိသည့် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကြီးများကို ဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်း အိုလံပစ်တို့ ပြီးသည့်အချိန်အထိ နောက်ဆုတ်ပေးရန် တောင်ကိုရီးယား၏ တောင်းဆိုချက်ကို သဘောတူပေးခဲ့သည်။

မြောက်ကိုရီးယား၏ ဝါဒဖြန့်ချိရေးများမှာ ပုံမှန်အားဖြင့် ရန်လိုပြီး ရံဖန်ရံခါတွင် တောင်ကိုရီးယားကို မီးပင်လယ်အဖြစ် ပြောင်းပစ်မည်ဟု ခြိမ်းခြောက်သည်များလည်း ပါဝင်သည်။ ယခုတစ်ကြိမ်တွင်မူ ပုံမှန်မဟုတ်ဘဲ မြောက်ကိုရီးယားက မွန်းဂျေအင်းအား သမ္မတအဖြစ် ရည်ညွှန်းခေါ်ဆိုပြီး တောင်-မြောက် ဆက်ဆံရေးတိုးတက်လိုသည့် ကင်၏ လိုလားချက်ကို အခိုင်အမာပင် ပြောကြားသွားခဲ့သည်။

ထိုအခြေအနေအား အယုံအကြည်မရှိသူများကမူ ကင်ဂျုံအွန်သည် မဟာမိတ်တို့ကြားတွင် သပ်ဝင်လျှိုရန် ကြိုးပမ်းနေပြီဟု ပြောနေကြသည်။ အမေရိကန်သည် မြောက်ကိုရီးယားရန်မှ ကာကွယ်ပေးရန် တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈၅၀၀ ကိုပင်ချထားပေးပြီး လက်ရှိအချိန်မှာ မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများအား ဖိအားပေးအရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက စည်းလုံးညီညွတ်ရမည့်အချိန်လည်း ဖြစ်နေသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းမှာ မြောက်ကိုရီးယားကို စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်သို့ ပြန်ခေါ်ရန် ကာလရှည်ကြာ ကြိုးပမ်းနေခဲ့သူတစ်ဦး ဖြစ်သည်။ အမေရိကန်ကမူ မြောက်ကိုရီးယားအနေဖြင့် လက်နက်ဖျက်သိမ်းပြီးမှ ဆွေးနွေးမည်ဟု အခိုင်အမာ ဆိုနေဆဲ ဖြစ်သည်။

“ကင်ရဲ့ နှစ်သစ်မိန့်ခွန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားကြားကို သပ်လျှိုလိုက်တယ်ဆိုတာ  တော်တော်လေးသိသာ ထင်ရှားနေပါတယ်” ဟု ဟန်ဒေါင်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ပက်ဝမ်ဂွန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

“မြောက်ကိုရီးယား ကစားတာမခံရဖို့ တောင်ကိုရီးယားအတွက် အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပိုအင်အားကြီးတယ်

ပြီးခဲ့သည့်လများအတွင်းက အမေရိကန်အစိုးရ၏ လေလုံးများသည် တောင်ကိုရီးယားအစိုးရနှင့်  သိသိသာသာ ကွဲလွဲနေခဲ့သည်။ ကင်နှင့်ထရန့်တို့သည် စစ်ပွဲခြိမ်းခြောက်မှုများကို ထပ်တလဲလဲလုပ်ဆောင်ကာ ပုဂ္ဂိုလ်ရေးအရလည်း တိုက်ခိုက်ခဲ့ကြသည်။ ကင်ဂျုံအွန်၏ နှစ်သစ်မိန့်ခွန်းနှင့် ပတ်သက်၍လည်း ထရန့်သည် ၎င်းလက်ထဲမှ နျူကလီးယားခလုတ်မှာ ပိုကြီးသည့်အကြောင်း Twitter တွင် တုံ့ပြန်ရေးသားခဲ့သေးသည်။

ထရန့်သည် သမ္မတဖြစ်သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း အိမ်ဖြူတော်သည် ယခုတိုင် တောင်ကိုရီးယားဆိုင်ရာ သံအမတ်သစ်ကို တရားဝင် အတည်မပြုရသေးပေ။ မွန်းဂျေအင်းကို ပုံသွင်းရန်မှအပ အမေရိကန်သည် အားလုံးပြည့်စုံနေပြီဖြစ်ကြောင်း ဘာရက်အိုဘားမားလက်ထက်က အမျိုးသားလုံခြုံရေးကောင်စီတွင် လက်နက်ထိန်းချုပ်မှုဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အိတ်ချ်အာမက်စတာက ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားအတွက် နှစ်လိုဖွယ်ရာကောင်းအောင်နေတဲ့ ထိုးစစ်အကွက်ကိုသုံးပြီး မဟာမိတ်တွေကို သွေးကွဲအောင်လုပ်ဖို့ လွယ်ကူနေပါတယ်” ဟု ၎င်းက Twitter တွင် ရေးသားခဲ့သည်။

သို့သော် အခြားသော လေ့လာသူများကမူ မြောက်ကိုရီးယားသည် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများနှင့် အမေရိကန်အစိုးရ၏ ရပ်တည်ချက်တို့ကြောင့် ဖိအားကိုခံစားနေရသည်ဟု ပြောခဲ့ကြသည်။

“အမေရိကန်ဘက်ကနေ မတတ်သာဘဲ စစ်ရေးနည်းလမ်း ရွေးချယ်လာနိုင်ခြေ မြင့်တက်လာတဲ့အပေါ် ကင်အနေနဲ့ စိုးရိမ်လာပုံ ရပါတယ်။ ဒီအချိန်မှာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကောင်း အောင်လုပ်ပြီး ရှောင်ပြေးကွက် တွေ့သွားတာ ဖြစ်ပါတယ်” ဟု ဒေါင်ဂတ်တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ကိုယုဟွမ်က ပြောခဲ့သည်။

ပြုံချန်အိုလံပစ်နှင့် ကင်၏ကနဦး ခြေလှမ်းတို့သည် စစ်မှန်သည့် အခွင့်အလမ်းတစ်ခုဟု ဆိုးလ်ရှိ ကျောင်နန်တက္ကသိုလ် အရှေ့ဖျား လေ့လာရေးဌာနမှ ကင်ဒေါက်ယပ်က ပြောကြားခဲ့သည်။

“ပြုံချန်အိုလံပစ်ကရတဲ့ အခွင့်အရေးကိုယူပြီး မြောက်ကိုရီးယားဟာ ပိတ်ဆို့မှုတွေ ဖိအားတွေ ကြားကနေ အသက်ရှူပေါက် လိုချင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် မည်သို့သော စိတ်ရင်းဖြင့် ချဉ်းကပ်သည်ဖြစ်စေ အိုလံပစ်ပွဲတော်နောက်ပိုင်း အခြေအနေ (အထူးသဖြင့် အားကစားပွဲအပြီးတွင် လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ချိန်) မှာ ရေရေရာရာ မရှိလှပေ။

“အိုလံပစ်ပွဲမှာ ဝင်ပါတာ၊ ပန်မန်ဂျွန်မှာ ဆွေးနွေးတာ အစရှိတဲ့ သင်္ကေတဆန်တဲ့ အပြုအမူတွေဟာ ပိုမိုကျယ်ပြန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုရင်တော့ ဒါတွေဟာ အရမ်းအရေးပါပါတယ်” ဟု အမေရိကန် သိပ္ပံပညာရှင်များ ဖက်ဒရေးရှင်းမှ Adam Mount က ပြောကြားခဲ့သည်။

Ref; AFP

Most Read

Most Recent