ထရန့်၏ စိတ်ကျန်းမာရေး အခြေအနေအား စာအုပ်သစ်တွင် ဖော်ပြခဲ့စဉ် တေလာဆင်က သမ္မတဘက်မှ ကာကွယ်ပြောကြား

ထရန့်၏ စိတ်ကျန်းမာရေး အခြေအနေအား စာအုပ်သစ်တွင် ဖော်ပြခဲ့စဉ် တေလာဆင်က သမ္မတဘက်မှ ကာကွယ်ပြောကြား
Published 7 January 2018

ဇန်နဝါရီ ၅ ရက်က ကယ်လီဖိုးနီးယားရှိ Book Passage တွင် စာအုပ်စင်၌ ပြသထားသော Fire and Fury စာအုပ်များကို တွေ့ရစဉ် (Photo - AFP)

ထိတ်လန့်ဖွယ် အချက်အလက်များ ထုတ်ဖော်ထားသည့် စာအုပ်သစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စိတ်ကျန်းမာရေး အခြေအနေအား သံသယရှိကြောင်း ဖော်ထုတ်ထားခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ထရန့်၏ကြံ့ခိုင်မှုအား ဇန်နဝါရီ ၅ ရက်တွင် ကာကွယ်ပြောကြားခဲ့ရသည်။

ထရန့်သည် အာရုံစူးစိုက်မှုကျဆင်းခြင်း၊ ပြောပြီးသားကို အကြိမ်ကြိမ်ပြောခြင်း၊ အကျဉ်းချုပ် အစီရင်ခံမှုများအား နားထောင်ရန် ငြင်းဆန်ခြင်းတို့ရှိခဲ့ကြောင်း ယင်းစာအုပ်သစ်တွင် အခိုင်အမာထုတ်ဖော်ထားမှုနှင့် ပတ်သက်၍ တေလာဆင်သည် ပြည်ပမူဝါဒရေးရာ စိန်ခေါ်မှုများအား မေးမြန်းသည့်ရုပ်သံ အင်တာဗျူးတစ်ခုတွင် ထည့်သွင်းမေးမြန်းခံခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သောနှစ်က လုံခြုံရေး အစည်းအဝေးတစ်ခုအပြီးတွင် ထရန့်အား ကျပ်မပြည့်သူဟု ခေါ်ခဲ့ကြောင်း သတင်းများကို ငြင်းဆိုခဲ့ရသည့် တေလာဆင်က သူသည် ထရန့်၏စိတ်ကျန်းမာရေးကို မည်သည့်အခါကမျှ မေးခွန်းမထုတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ မေးခွန်းထုတ်ရန် အကြောင်းမရှိကြောင်း ပြောကြားခဲ့သည်။

ExxonMobil ရေနံကုမ္ပဏီအမှုဆောင် ချုပ်ဟောင်းလည်းဖြစ်သော တေလာဆင်က  သတင်းအချက်အလက်များအား ရယူမှုနှင့် ဆုံးဖြတ်ချက်များ ချမှတ်မှုပုံစံများကို ထရန့်ထံမှ လေ့လာခဲ့ရကြောင်း စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ထရန့်၏မူဝါဒများကြောင့် နိုင်ငံတကာတွင် ခိုင်မာသော နေရာတစ်နေရာ၌ ရပ်တည်နေနိုင်ကြောင်းလည်း တေလာဆင်က ချီးကျူးခဲ့သည်။

အိမ်ဖြူတော်က ဟန့်တားရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် Michael Wolff ၏  Fire and Fury း Inside the Trump White House စာအုပ်သည် အမေရိကန်မြို့တော်ရှိ စာအုပ်ဆိုင်များတွင် အလျင်အမြန်ပင် ရောင်းကုန်ခဲ့ပြီး လူအချို့က စာအုပ်ရနိုင်ရန် ညသန်းခေါင်အထိ စောင့်ဆိုင်းဝယ်ယူခဲ့ကြကာ တချို့ကလည်း ခိုးကူးများအား ဖြန့်ချိခဲ့ကြသည်။ လတ်တလော အရောင်းသွက်ဆုံးဖြစ်ခဲ့သော ယင်းစာအုပ်သည် အတုအယောင်နှင့် လိမ်လည်မှုများ ပြည့်နေကြောင်း ထရန့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးနှင့် စစ်ရေးအင်အားအကြီးဆုံးနိုင်ငံအား ဦးဆောင်ရန် ထရန့်၏ စွမ်းဆောင်ရည်ကို သံသယဝင်ခဲ့ကြသည့် သမ္မတ၏ အဓိကလက်ထောက်အများအပြားအား မေးမြန်းထားမှုများကို အခြေခံ၍ အငြင်းပွားဖွယ်ရာများနှင့်မစိမ်းသော ဂျာနယ်လစ် Wolff က ယင်းစာအုပ်သစ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။

ထရန့်၏ မဟာဗျူဟာရေးဆွဲသူအကြီး အကဲဟောင်း စတိဗ်ဘန်နွန်က ထရန့်၏သား အကြီးဆုံးဒေါ်နယ်ဂျူနီယာက ရုရှားရှေ့နေနှင့် တွေ့ဆုံခဲ့မှုသည် နိုင်ငံတော်သစ္စာဖောက်မှုမြောက်ကြောင်း၊ တစ်ချိန်တွင် သမ္မတရာထူးယှဉ်ပြိုင်ရန် စိတ်ကူးနေသည့် ထရန့်၏သမီး အီဗန်ကာသည် ထုံထိုင်းသူဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ယင်းစာအုပ်သစ်တွင် ဖော်ပြခဲ့သည်။

လက်ရှိဘဏ္ဍာရေးဝန်ကြီး စတိဗ်နျူချင် နှင့် အိမ်ဖြူတော်အတွင်းဝန်ဟောင်း ရင့်ပရေးဘတ်စ်တို့က ထရန့်သည် အရူးတစ်ဦးဖြစ်ကြောင်း၊ စီးပွားရေးအကြံပေးအကြီးအကဲ  ဂါရီကိုက ထရန့်သည် အလကားလူဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေးအကြံပေး အိတ်ချ်အာရ် မက်မာစတာက ထရန့်သည် ငတုံးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း ယင်းစာအုပ်၌ ဖော်ပြခဲ့သည်။

Ref ; AFP

Most Read

Most Recent