နှစ်နှစ်အတွင်း ပထမဆုံးတွေ့ဆုံဆွေးနွေးရန် မြောက်နှင့်တောင်ကိုရီးယားတို့ သဘောတူညီ

နှစ်နှစ်အတွင်း ပထမဆုံးတွေ့ဆုံဆွေးနွေးရန် မြောက်နှင့်တောင်ကိုရီးယားတို့ သဘောတူညီ
Published 6 January 2018

၂၀၁၇ သြဂုတ် ၈ ရက်က ပန်မန်ဂျွန်ရွာတွင် စောင့်ကြပ်နေသော တောင်ကိုရီးယားစစ်သားတစ်ဦး (Photo: AFP)

တောင်နှင့်မြောက်ကိုရီးယားတို့သည် နှစ်နှစ်အတွင်း ၎င်းတို့၏ ပထမဆုံးဆွေးနွေး ပွဲပြုလုပ်ရန် ဇန်နဝါရီ ၅ ရက်က သဘောတူလိုက်ကြောင်းသိရသည်။ မြောက်ကိုရီးယားကို ဒေါသထွက်စေလေ့ရှိသော ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးများကို ဆောင်းရာသီအိုလံပစ် ပြီးသည့်အချိန်အထိရွှေ့ဆိုင်းရန် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကဆုံးဖြတ်ပြီး နာရီအနည်းငယ်အကြာတွင် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာမည့် ထိုတွေ့ဆုံမှုကို ကိုရီးယားကျွန်းဆွယ်အား ပိုင်းခြားထားသည့် လုံခြုံရေးထူထပ်စွာချထားသော စစ်မဲ့ဇုန်ထဲရှိ အပစ်အခတ်ရပ်စဲရေးကျေးရွာ ပန်မန်ဂျွန်တွင် ပြုလုပ်မည်ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က နှစ်ကူးမိန့်ခွန်းအတွင်း ၎င်းလက်ထဲ၌  နျူကလီးယားခလုတ်ရှိကြောင်း ခြိမ်းခြောက်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားတွင် ဖေဖော်ဝါရီ၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ်သို့ အဖွဲ့စေလွှတ် လိုသည်ဟုပြောရင်း ငြိမ်းချမ်းရေးသံလွင် ခက်ကမ်းခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယားက စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန် ကမ်းလှမ်းကာ ပြန်လည်တုံ့ပြန်ခဲ့ပြီး နှစ်နှစ်နီးပါးကြာ ရပ်ဆိုင်းထားသော အရေးပေါ်ဖုန်းလိုင်းကိုလည်း ဖွင့်ခဲ့ကြသည်။

နှစ်စဉ်ပြုလုပ်နေကျ ကြီးမားသောပူးတွဲ စစ်ရေး လေ့ကျင့်မှုကြီးများဖြစ်သည့် Foal Eagle နှင့် Key Resolve စစ်ရေးလေ့ကျင့်မှုကြီးများ ပြုလုပ်ချိန်ကို ဆောင်းရာသီအိုလံပစ်ပြီးသည်အထိ ရွှေ့ဆိုင်းလိုက်ရန် ဇန်နဝါရီ ၄ ရက်နှောင်းပိုင်းက တောင်ကိုရီးယားသမ္မတ မွန်းနှင့် အမေရိကန်သမ္မတ ထရန့်တို့ကြား၌ သဘောတူညီခဲ့ကြသည်။ ထို့ပြင် ထရန့်က တောင်နှင့် မြောက်ကိုရီးယားကြား၌ အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းသည် ကောင်းသည့်ကိစ္စတစ်ခုဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်။

“ကျွန်တော်တို့တစ်တွေ ဇန်နဝါရီ ၉ ရက်မှာ ပန်မန်ဂျွန်က ငြိမ်းချမ်းရေးနေအိမ်ကို လာခဲ့ပါ့မယ်” ဟု ရေးသားထားသည့် မြောက်ကိုရီးယားဘက်မှ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ကော်မတီအကြီးအကဲ ရီဆွန်ဂွမ်ထံမှ ဖက်စ်တစ်စောင်ရရှိခဲ့သည်ဟု တောင်ကိုရီးယားဘက်မှ ထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းရေး နေအိမ်ဆိုသည်မှာ ပန်မန်ဂျွန်ကျေးရွာ၏ တောင်ဘက်အခြမ်း၌ တောင်ကိုရီးယားတို့ ဆောက်ထားသည့် အဆောက်အအုံဖြစ်သည်။

ထိုဆွေးနွေးပွဲအတွင်း ပါဝင်မည့်အကြောင်းအရာထဲတွင် ပြောင်ချန်အိုလံပစ် အရေးကိစ္စအပြင် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန်ကိစ္စတို့လည်း ပါဝင်သည်ဟု သိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်ကမူ ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့လိုက်ခြင်းသည် နိုင်ငံရေးထက် လက်တွေ့ကို ကြည့်၍ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး တောင်ကိုရီးယား ခရီးသွားလုပ်ငန်းအတွက် အိုလံပစ်ပွဲသည် အရေးကြီးကြောင်း ထောက်ပြခဲ့သည်။ သို့သော် အမေရိကန်တို့ဘက်မှ မြောက်ကိုရီးယားအပေါ် ဖိအားများပေးနေခြင်းကိုမူ လျှော့ချသွားမည်မဟုတ်ဟု ဆိုခဲ့သည်။

ထိုစဉ် ဘာရက်အိုဘားမားလက်ထက်က အမျိုးသားလုံခြုံရေးကောင်စီ၏ လက်နက်ထိန်းချုပ်ရေးဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဂျွန်ဝုစသယ်က တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ချဉ်းကပ်ပုံ ကွဲ လွဲလာကြပြီဖြစ်ကြောင်း သတိပေးခဲ့သည်။ “မြောက်ကိုရီးယားဟာ နှစ်လိုဖွယ်ကောင်းအောင် နေပြီး မဟာမိတ်တွေကို သွေးကွဲအောင်လုပ်ခြင်းဖြင့် အကျိုးအမြတ်လွယ်လွယ်ကူကူ ရသွားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Most Read

Most Recent