နိုင်ငံအား ကာကွယ်ရာတွင် သေမှာမကြောက်ရန် တရုတ်သမ္မတ ရှီကျင်ပင်းက စစ်တပ်ကို တဲ့တိုးပြောကြား

နိုင်ငံအား ကာကွယ်ရာတွင် သေမှာမကြောက်ရန် တရုတ်သမ္မတ ရှီကျင်ပင်းက စစ်တပ်ကို တဲ့တိုးပြောကြား
Published 6 January 2018

၂၀၁၇ ခုနှစ် ဇူလိုင် ၃၀ ရက်က တရုတ်မြောက်ပိုင်း အင်းနားမွန်ဂိုလီးယားဒေသတွင် စစ်ရေးပြပွဲတစ်ခု၌ တွေ့ရသော တရုတ်စစ်သားများ (Photo: AFP)

အာရှဒေသတွင် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုမြင့်တက်နေချိန်၌ နိုင်ငံအား ကာကွယ်ရာတွင် သေမှာမကြောက်ရန်နှင့် စစ်ပွဲအတွက် အသင့်အနေအထားရှိနေစေရန်အတွက် ပြင်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင်ပင်းက စစ်တပ်အား တဲ့တိုးတိုက်တွန်းခဲ့ ကြောင်း အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်တစ်ခုလုံးအား ပြောကြားသော သမ္မတ၏ ရှားရှားပါးပါးမိန့်ခွန်းကို အစိုးရမီဒီယာက ဖော်ပြခဲ့ချိန်တွင် ဇန်နဝါရီ ၄ ရက်နှောင်းပိုင်းမှ ထုတ်ပြန်ခဲ့မှုတစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာ့အင်အားအကြီးဆုံး တိုက်ခိုက်ရေးတပ်ဖွဲ့ကို ရှီ၏တိုက်တွန်းမှု တစ်စိတ်တစ်ပိုင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရှီသည် ပြီးခဲ့သောနှစ် အောက်တိုဘာတွင် ကျင်းပခဲ့သည့် ပါတီကွန်ဂရက်အပြီး ဆယ်စုနှစ်များစွာအတွင်း သြဇာအကြီးဆုံး တရုတ်ခေါင်းဆောင်အဖြစ် ၎င်း၏အဆင့်အတန်းကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ပြီး ယခုသီတင်းပတ်တွင် စစ်သားထုများနှင့် တင့်ကားများ၏ပုံရိပ်များနှင့် စစ်တပ်၏ထုတ်ပြန်မှုများက တရုတ်ခေါင်းဆောင်သစ်၏ပုံရိပ်ကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ခဲ့ပုံရသည်။

တရုတ်စစ်သားများသည် ဆင်းရဲဒုက္ခများရော သေဆုံးနိုင်မှုကိုပါ ထိတ်လန့်မနေသင့်ကြောင်း နိုင်ငံမြောက်ပိုင်း ဟီပေပြည်နယ်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Central Theater Command သို့ ဇန်နဝါရီ ၃ ရက်က စစ်ဆေးရေး သွားရောက်စဉ် ထောင်နှင့်ချီသောစစ်သားများကို ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ တစ်ချိန်က ခေတ်နောက်ကျခဲ့သော်လည်း မကြာသေးမီ နှစ်များစွာအတွင်း ခေတ်မီတိုးတက်ရေး အစီအစဉ်များကို အရှိန်အဟုန်ဖြင့် လုပ် ဆောင်ခဲ့သောကြောင့် အာရှနှင့် ဝါရှင်တန်တို့ကို စိုးရိမ်မှုများဖြစ်စေခဲ့သည့် တရုတ်စစ်တပ်အား အဆင့်မြှင့်တင်နေမှုများကို ဆက်လက်ဆောင်ရွက်ကြရန်လည်း ရှီက တိုက် တွန်းခဲ့သည်။

ထို့ပြင် PLA သည် စစ်ပွဲဆိုင်ရာ အဆင့်မြင့် နည်းပညာများအား သုတေသနပြုမှုများကို အရှိန်မြှင့်ရန်နှင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်မှုများကို ပြုလုပ်ကြရန် ရှီက တိုက်တွန်းခဲ့သည်။ ခေတ်သစ်တွင် ပါတီနှင့် ပြည်သူတို့က နှင်းအပ်သော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ရန်အတွက် တိုက်ပွဲအတွက် အမြဲအသင့်ရှိသော၊ တိုက်ပွဲဝင်နိုင်စွမ်းရှိသော အဆင့် မြင့်ပြီး အင်အားကောင်းသည့် စစ်တပ်ထူထောင်ကြရန် ရှီက တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

ကွန်မြူနစ်ပါတီ၏ ဗဟိုစစ်ဘက်ကော်မရှင် ဥက္ကဋ္ဌ ရာထူးရယူထားသော ရှီသည် အင်အားနှစ်သန်းကျော်ရှိသော တရုတ်စစ်တပ်၏ စစ်သေနာပတိလည်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတရာထူးရယူခဲ့ပြီးနောက်ပိုင်း တရုတ်စစ်တပ်အား ၂၀၅၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာ့အဆင့်ဖြစ်လာသည်အထိ တည်ဆောက်ရန် ပါတီကွန်ဂရက်တွင် တောင်းဆိုမှုအပါအဝင် ရှီသည် ခိုင်မာသောတရုတ်စစ်တပ် တည်ဆောက်ရန် တွန်းအားပေးခဲ့သည်။

သို့သော် ရှီသည် တရုတ်၏ မစမ်းသပ်ရသေးသော စွမ်းရည်သစ်များကို ကျယ်ပြန့်သည့်စ စ်ဘက်ထိပ်တိုက်တွေ့မှုတွင် ပါဝင်ခြင်းဖြင့် စွန့်စားမှုပြုလုပ်နိုင်ခြေ မရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။ တရုတ်သည် အရှေ့တရုတ်ပင်လယ်တွင် ကျွန်းစု အငြင်းပွားမှုနှင့်ပတ်သက်၍ ဂျပန်နှင့် ထိပ်တိုက်တွေ့ခြင်း၊ ဟိမဝန္တာရှိ ဒေသများပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အိန္ဒိယနှင့် ပြိုင်ဆိုင်နေစဉ် ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ် ပင်လယ်တွင် ချဲ့ထွင်မှုများအား တိုးချဲ့နေ ခြင်းတို့ကြောင့် စိုးရိမ်မှုများ မြင့်တက်နေခဲ့သည်။

 

Most Read

Most Recent