ထိုင်းတော်ဝင်မိသားစုကို Facebook ၌ စော်ကားမှုအတွက် မျက်မမြင်အမျိုးသမီးတစ်ဦး ထောင် ၁၈ လ ချမှတ်ခံရ

ထိုင်းတော်ဝင်မိသားစုကို Facebook ၌ စော်ကားမှုအတွက် မျက်မမြင်အမျိုးသမီးတစ်ဦး ထောင် ၁၈ လ ချမှတ်ခံရ
Published 6 January 2018

တော်ဝင်မိသားစုကို အသရေပျက်စေသည်ဟုဆိုသော Facebook ပို့စ်တစ်ခုကို ပြန်လည်မျှဝေခဲ့သည့်အတွက် မျက်မမြင်အမျိုးသမီးတစ်ဦးကို ထိုင်းတရားရုံးက ဇန်နဝါရီ ၄ ရက်တွင် ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ ကြောင်း သူ၏ရှေ့နေက ပြောကြားသည်။

မွတ်စလင်အများစုနေထိုင်ရာ ယာလာပြည်နယ် ဇာတိဖြစ်သော နူဟာဟာယာတီမာဆိုး အသက် ၂၃ နှစ်သည် ၂၀၁၆ အောက်တိုဘာက လူမှုမီဒီယာ Facebook တွင် ဆောင်းပါးကောက်နုတ်ချက်တစ်ခုကို မျှဝေခဲ့သည့်အတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

မာဆိုးသည် မျက်မမြင်များအတွက် အသံ ဆော့ဝဲလ်တစ်ခုမှ ဆောင်းပါးကို ကြားခဲ့ရခြင်း ဖြစ်သည်။

'မျက်မမြင်ဖြစ်နေတာကြောင့် တရားသူကြီးတွေကတော့ သူ့ကို သနားနေကြတယ်ဆိုပေမယ့် သူက ပြင်းထန်တဲ့အပြစ်ကို ကျူးလွန်ခဲ့လို့ပြစ်ဒဏ်ကို ဆိုင်းထားလို့ မရဘူးလို့ ပြောပါတယ်'ဟု တရားခံရှေ့နေ ကော်ဆာအလီမာမားက အေအက်ဖ်ပီကို ပြောသည်။

သူက အပြစ်ရှိကြောင်းလျှောက်လဲခဲ့သဖြင့် ကနဦး သုံးနှစ်ပြစ်ဒဏ်ကို ၁၈ လ အထိ တစ်ဝက်လျှော့ချပေးခဲ့သည်ဟု ရှေ့နေက ဖြည့်စွက်ပြောကြားသည်။

ထိုင်းမီဒီယာအားလုံးသည် မိမိတို့ဘာသာ ဆင်ဆာဖြတ်တောက်မှုပြုလုပ်ရပြီး ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သောဘုရင်ကို စော်ကားမှုဥပဒေဖြင့် အရေးယူခံရမည့်အန္တရာယ်ကြောင့် Facebook ၌ ဘုရင်ကို စော်ကားသည့်အဓိပ္ပာယ် သက်ရောက်သောအ ကြောင်းအရာများကို ဖော်ပြ၍ မဖြစ်နိုင်ပေ။

ထိုင်းသည် ဘုရင်ကို ဝေဖန်သူများအား ဥပဒေအရ ပြင်းထန်စွာအပြစ်ပေးတတ်ပြီး စွဲချက်တစ်ခုလျှင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

Most Read

Most Recent