အီရန်အာဏာပိုင်များက မငြိမ်မသက်မှုများ ပြီးဆုံးကြောင်း ကြေညာပြီးနောက် အစိုးရလိုလားသည့် ဆန္ဒပြပွဲကြီးများ ထပ်မံပြုလုပ်

အီရန်အာဏာပိုင်များက မငြိမ်မသက်မှုများ ပြီးဆုံးကြောင်း ကြေညာပြီးနောက် အစိုးရလိုလားသည့် ဆန္ဒပြပွဲကြီးများ ထပ်မံပြုလုပ်
Published 5 January 2018

ဇန်နဝါရီ ၃ ရက်က အီရန်အနောက်တောင်ပိုင်း အဗက်ဇ်မြို့တွင် အစိုးရလိုလားသည့် စုဝေးမှု၌ တွေ့ရသည့် အီရန်နိုင်ငံသားများ (Photo: AP)

အီရန်အာဏာပိုင်များက လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မငြိမ်မသက်မှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာကာ ဆန္ဒပြပွဲများဖြစ်အောင် မီးမွှေးခဲ့သည့် စီးပွားရေး အကြောင်းအရာများဘက်သို့ လှည့်လိုက်ပြီဟု ကြေညာခဲ့ပြီးနောက် အီရန်နိုင်ငံတွင် အစိုးရလိုလားသော ဆန္ဒပြပွဲကြီးများ ဇန်နဝါရီ ၄ ရက်တွင် နောက်တစ်ရက်အဖြစ် ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲကြီးများ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ပြည်တွင်းမီဒီယာများ၌ တစ်ညလုံး ဆန္ဒပြပွဲအသစ်များ ထပ်မံဖြစ်ပေါ်ကြောင်း သတင်းများ မတွေ့ရှိရသော်လည်း လူမှုမီဒီယာများပေါ်မှ ဗီဒီယိုဖိုင်များက ချက်ချင်း အတည်မပြုနိုင်သည့် ပြည်နယ်မြို့များတွင် အကန့်အသတ်ရှိသော ဆန္ဒပြမှုသာ ဖြစ်ပေါ်ခဲ့ကြောင်း ညွှန်ပြနေသည်။

အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှု အသစ်များ ထပ်မံချထားရန် စဉ်းစားဖွယ်ရှိကြောင်း အရိပ်အမြွက် ပြနေချိန်တွင် အီရန် အာဏာပိုင်များက သမ္မတ ဟက်ဆန်ရိုဟာနီ၏ မကြာသေးမီက ဘတ်ဂျက်များထဲမှ လူကြိုက်နည်းသည့် ကိစ္စများကို ပိတ်ဆို့ခြင်း အပါအဝင် ရွေးချယ်စရာများကို ချိန်ဆလျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဆန္ဒပြပွဲများ ပထမဆုံးဖြစ်ပေါ်ခဲ့ရာ နေရာများဖြစ်သည့် အီစဖာဟန်၊ အာဒီဘယ်နှင့် မာရှ်ဟက်မြို့များ အပါအဝင် မြို့ကြီး ၁၀ မြို့၌ အစိုးရကို ထောက်ခံသောအားဖြင့် ဧရာမ လူအုပ်ကြီးများက ချီတက်ဆန္ဒပြကြသည်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားက ဇန်နဝါရီ ၄ ရက်အစောပိုင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။

“ငါတို့ ခေါင်းဆောင်ရဲ့နောက်မှာ အတူတကွရှိတယ်” ဟု လူအုပ်ကြီးက ဘာသာရေး ဥသျှောင် အယာတိုလာအလီခါမေနီကို ရည်ညွှန်းလျက် ဟစ်ကြွေးခဲ့ကြသည်။

“တော်လှန်တဲ့ အီရန်ပြည်သူတွေဟာ ရန်သူတွေနဲ့ ဒုက္ခဖြစ်အောင်လုပ်တဲ့သူတွေကို လမ်းတွေပေါ် ထွက်လာတဲ့နည်းတဲ့ အချိန်မီ တုံ့ပြန်လိုက်ပါတယ်” ဟု ခါမေနီ၏ အကြံပေးပုဂ္ဂိုလ် အလီအက္ကဘာဗီလာယတီက တစ်စိတ်တစ်ပိုင်း နိုင်ငံပိုင်ဖြစ်သော ISNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အခု ပြည်သူတွေရဲ့ အဓိက တောင်းဆိုချက်က အစိုးရနဲ့ သက်ဆိုင်ရာအရာရှိတွေအနေနဲ့ စီးပွားရေးပြဿနာတွေကို ကိုင်တွယ်ဖို့ပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ အင်အားကြီးလှသော တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက်အလီဂျာဖာရီက နိုင်ငံတော်အကြည်ညိုပျက်စေမှုကြီး ပြီးဆုံးသွားပြီဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်ညက ကြေညာခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က စတင်ခဲ့သည့် ငါးရက်ကြာ မငြိမ်မသက်မှုများအတွင်း စုစုပေါင်း လူ ၂၁ ဦး သေဆုံးခဲ့သည်။ စီးပွားရေးဆိုင်ရာ နာကျည်းမှုများကြောင့် ဖြစ်ပေါ်သည့် ဆန္ဒပြမှုများသည် အစိုးရတစ်ရပ်လုံးကို ဆန့်ကျင်မှုအဖြစ် အလျင်အမြန် ပြောင်းလဲသွားပြီး အစိုးရ အဆောက်အအုံများနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

ဂျာဖာရီက မငြိမ်မသက်မှု၏ နောက်ကွယ်၌ ဒုက္ခဖြစ်အောင်လုပ်သူများ အရေအတွက် များပြားကြောင်း ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent