ထရန့်က အိမ်ဖြူတော် မဟာဗျူဟာချမှတ်သူဟောင်း စတိဗ်ဘန်နွန်သည် ရူးသွားပြီဟု ပြင်းပြင်းထန်ထန် ဝေဖန်

ထရန့်က အိမ်ဖြူတော် မဟာဗျူဟာချမှတ်သူဟောင်း စတိဗ်ဘန်နွန်သည် ရူးသွားပြီဟု ပြင်းပြင်းထန်ထန် ဝေဖန်
Published 5 January 2018

ဒီဇင်ဘာ ၁၈ ရက်က ဝါရှင်တန်တွင် စကားပြောနေသော သမ္မတထရန့် (ဝဲ) နှင့် ဒီဇင်ဘာ ၅ ရက်က အလာဘားမားတွင် ရီပက်ဘလီကင် ကိုယ်စားလှယ်လောင်းတစ်ဦးအား မိတ်ဆက်နေသော စတိဗ်ဘန်နွန် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏အနီးကပ်ဆုံး နိုင်ငံရေးမဟာမိတ်တစ်ဦးဖြစ်သူ အိမ်ဖြူတော် မဟာဗျူဟာချမှတ်သူ အကြီးအကဲဟောင်း စတိဗ်ဘန်နွန်သည် ရူးသွပ်သွားပြီဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။

ထရန့်၏ အကြီးဆုံးသားဖြစ်သူ ဒေါ်နယ်ဂျူနီယာက ၂၀၁၆ ခုနှစ် ဇွန်တွင် ရုရှားရှေ့နေ နာတာလီယာဗီဆယ်နစ်စကာယာနှင့် တွေ့ဆုံမှုသည် နိုင်ငံတော်သစ္စာဖောက်မှုနှင့် မျိုးချစ်စိတ်မရှိမှုဟု ဘန်နွန်က ခိုင်းနှိုင်းခဲ့သည့် စာအုပ်သစ်မှ ဖွင့်ချထားသည့် ကောက်နုတ်ချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် အကျပ်အတည်း ကြုံနေရသည့် ထရန့်က ဇန်နဝါရီ ၃ ရက်တွင် ချက်ချင်းပင် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ထရန့်၏ပြိုင်ဘက် ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန်အား စွပ်စွဲမှုများပါဝင်မည့် အချက်အလက်များပေးမည်ဟု ကတိရရှိခဲ့ပြီးနောက် နယူးယောက်ရှိ ထရန့်တာဝါတွင် ထရန့်၏သမက်ဖြစ်သူ ဂျရတ်ကူရှ်နာနှင့် မဲဆွယ်အဖွဲ့ဥက္ကဋ္ဌ ပေါမန်နာဖို့တ်တို့ကပါ ယင်းတွေ့ဆုံမှုသို့ ရှေ့နေများမပါဘဲ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် အက်ဖ်ဘီအိုင်အား ချက်ချင်းခေါ်သင့်ကြောင်း ဘန်နွန်က ပြောကြားခဲ့သည်။

စတိဗ်ဘန်နွန်သည် ၎င်းသို့မဟုတ် ၎င်း၏သမ္မတဖြစ်မှုနှင့် မည်သို့မျှ မပတ်သက်ကြောင်း ရီပက်ဘလီကင်သမ္မတထရန့်က ပြောကြားခဲ့သည်။ ဘန်နွန်သည် ရာထူးမှ ထုတ်ပယ်ခံရချိန်တွင် ရာထူးဆုံးရှုံးရုံသာမက သတိလည်းလွတ်သွားခဲ့ကြောင်း ထရန့်က ကြေညာချက်တွင် ရေးသားခဲ့သည်။ နယူးယောက် အိမ်ခြံမြေလုပ်ငန်းရှင်အား အမျိုးသားရေးဝါဒီ လက်ယာအစွန်းရောက်များနှင့် ချိတ်ဆက်နိုင်ရန်နှင့် ထရန့်လိုလားသော မီဒီယာပတ်ဝန်းကျင် ဖန်တီးရာတွင် ကူညီပေးခဲ့သည့် ဘန်နွန်သည် ၎င်းအကျိုးအတွက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထရန့်က ဝေဖန်ခဲ့သည်။

ထုတ်ဖော်မပြောရန် သဘောတူထားမှုကို ချိုးဖောက်၍ စာရေးဆရာထံ ပြောကြားခဲ့ကြောင်း ဘန်နွန်အား စွပ်စွဲထားပြီး ရပ်တန်းကရပ်ရန် တောင်းဆိုထားသည့်စာကို ထရန့်၏ရှေ့နေ ချားဟာဒါက ဘန်နွန်ထံ ပို့ခဲ့သည်ဟု အမေရိကန်မီဒီယာက ဖော်ပြခဲ့သည်။ ထရန့်၊ ၎င်း၏ ထိပ်တန်းလက်ထောက်များနှင့် အခြားသူများအား တွေ့ဆုံမေးမြန်းမှုများကို အခြေပြုထားသည်ဟု ဆိုသော Michael Wolff ၏ Fire and Fury: Inside the Trump White House စာအုပ်မှ ကောက်နုတ်ချက်များအား သတင်းဌာနများ၏ ကိုးကားဖော်ပြနေမှုကို ထရန့်က ဒေါသထွက်နေဖွယ်လည်း ရှိသည်။

ထရန့်သည် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဂျွန်ဘိုနာအား ကနဦးတွင် မသိခဲ့ကြောင်း၊ အစာအဆိပ် မသင့်နိုင်ဟု ယုံကြည်၍ မက်ဒေါ်နယ်ဆိုင်မှ စားစရာများကို ထရန့်က စားကြောင်း၊ ရွေးကောက်ပွဲနိုင်မည်ဟု ထရန့်၏ အဖွဲ့ကိုယ်တိုင်က မယုံကြည်ကြောင်း Wolff ၏ စာအုပ်တွင် ဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ရုရှား၏ ဝင်ရောက်စွက်ဖက်မှုနိုင်ခြေအား အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မူလာ ဦးဆောင်သော အထူးကောင်စီ၏ စုံစမ်းစစ်ဆေးမှုတွင် ငွေကြေးခဝါချမှုကို အာရုံစိုက်လိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သော သြဂုတ်တွင် အိမ်ဖြူတော်မှ ထွက်ခွာခဲ့ရသည့် ဘန်နွန်က ပြောကြားခဲ့သည်။

Ref: AFP