ဒုက္ခသည်စခန်းများအနီး၌ အစ္စလာမ္မစ် အကြမ်းဖက်သမားဟု မသင်္ကာသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး

ဒုက္ခသည်စခန်းများအနီး၌ အစ္စလာမ္မစ် အကြမ်းဖက်သမားဟု မသင်္ကာသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
Published 2 January 2018

နိုဝင်ဘာ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီယာခရိုင်ရှိ သန်ခါလီဒုက္ခသည်စခန်းအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

မြန်မာနိုင်ငံမှ စစ်ဆင်ရေးတစ်ရပ်ကြောင့် ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် ထောင်ပေါင်းများစွာ ခိုလှုံနေသည့် စခန်းများအနီးရှိ အူခီယာခရိုင် နယ်စပ်၌ အစ္စလာမ္မစ်အကြမ်းဖက်သမားဟု မသင်္ကာသူတစ်ဦးကို ဒီဇင်ဘာ ၃၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မွတ်စလင်အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ္မစ်အစွန်းရောက်ဝါဒကို ကိုင်တွယ်ရန် တာဝန်ထမ်းဆောင်နေသည့် ထိပ်တန်းရဲတပ်ဖွဲ့ဖြစ်သော အလျင်အမြန် အရေးယူဆောင်ရွက်ရေး တပ်ရင်း (RAB) က အသက် ၃၀ အရွယ်ရှိ ရှာဖူးအေဝေါဆိုသူအား နိုင်ငံတကာဂျီဟတ်အဖွဲ့များနှင့် ဆက်သွယ်မှုဟူသော စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။

အေဝေါကို စစ်တကောင်းဒေသ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပေါက်ကွဲ စေတတ်သောပစ္စည်းများနှင့်ပတ်သက်သော အမှုများဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ဇန်နဝါရီလက အာမခံဖြင့် ပြန်လွှတ်ပေးထားခြင်း ဖြစ်ကြောင်း RAB ဒေသဆိုင်ရာအကြီးအကဲ ရူဟူအေမင်က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

သို့သော် သူ့အား ပြန်လွှတ်ပေးပြီးနောက် အေဝေါသည် ဂျီဟတ်ဟုခေါ်သော ဝါဒဖြင့် အစ္စလာမ္မစ်နိုင်ငံထူထောင်ရေး ကြိုးပမ်းမှုအဖြစ် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အမျိုးမျိုးနှင့် လူမှုမီဒီယာမှတစ်ဆင့် ဆက်သွယ်ခဲ့သည်ဟု အေမင်က ဆိုသည်။

အေဝေါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ပေါက်ဖွားလာသော အစ္စလာမ္မစ်အဖွဲ့ဖြစ်သည့် ဂျာမားယေတုမူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) ၏ အဖွဲ့ခွဲသစ်တစ်ရပ်၌ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒေသခံအစွန်းရောက်များကို စည်းရုံးလှုပ်ရှားမှု၌ ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲခဲ့သည်။

JMB အဖွဲ့ခွဲသစ်သည် နိုင်ငံခြားသား ၁၈ ဦး ပစ်သတ် သို့မဟုတ် ခုတ်သတ်ခံခဲ့ရသည့် လွန်ခဲ့သည့်နှစ်က အထက်တန်းလွှာတို့ ကျက်စားသည့် ဒါကာမြို့ ကဖေးဆိုင်တစ်ခုအား တိုက်ခိုက်ခဲ့မှုအပါအဝင် နိုင်ငံခြားသားများနှင့် ဘာသာရေးအရ လူနည်းစုဖြစ်သူများအပေါ် ဆက်တိုက် တိုက်ခိုက်ခဲ့မှုများအတွက် အပြစ်တင်ခံရသည့်အဖွဲ့ဖြစ်သည်။

သို့သော် RAB အဖွဲ့မှ အေမင်က သက်ဆိုင်ရာအာဏာပိုင်များသည် အေဝေါနှင့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များအကြား ဆက်နွှယ်မှုရှိကြောင်း ယခုအထိ တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိသေးဟု ဆိုသည်။

ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုမြောက်နိုင်ပြီး လူမျိုးစုလိုက်သုတ်သင်မှုဖြစ်သည်ဟု ခေါ်ဆိုခဲ့သော စစ်ဆင်ရေးတစ်ရပ်အတွင်း သြဂုတ်လအနှောင်းပိုင်းက ဘင်္ဂါလီ မွတ်စလင် ၆၅၅,၀၀၀ သည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည်။

ဒုက္ခသည်အများစုသည် အူခီယာကဲ့သို့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း နယ်စပ်ဒေသများ၌ အခြေချလျက်ရှိသည်။

စုတ်ပြတ်နုံချာလှသော အနေအထား၌ နေထိုင်နေရခြင်းက ပြည်တွင်းပေါက်နှင့် နိုင်ငံတကာ အစွန်းရောက်အဖွဲ့များအတွက် လူသစ်စုဆောင်းရန် အခွင့်အရေးကောင်းများဖြစ်နိုင်သည်ဟု စိုးရိမ်လျက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်စခန်းများတွင် လုံခြုံရေးနှင့် စောင့် ကြည့်ထောက်လှမ်းရေး အားထုတ်မှုများကို  တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာကတည်းက မြန်မာလုံခြုံရေးစခန်းများကို တိုက်ခိုက်မှုများ အတွဲလိုက်ပြုလုပ်ခဲ့ကြသည့် ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်သမားများ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ ဝင်လာခြင်းမှ ကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်  တပ်ဖွဲ့ဝင်များသည် ကင်းလှည့်ခြင်းများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာခဲ့ကြသည်။

Most Read

Most Recent