အင်ဒိုနီးရှားတွင် ခရီးသည်တင်သင်္ဘောတစ်စင်းမှောက်ခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားတွင် ခရီးသည်တင်သင်္ဘောတစ်စင်းမှောက်ခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံး
Published 2 January 2018

သင်္ဘောနစ်မြုပ်ခဲ့သည့်နေရာ၌ ဇန်နဝါရီ ၁ ရက်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁ ရက်က ခရီးသည်တင်သင်္ဘောတစ်စင်း မှောက်ခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူအချို့ရှိကြောင်း အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယင်း ဖြစ်စဉ်သည် အင်ဒိုနီးရှားနိုင်ငံတွင် လူသေဆုံးသည့် နောက်ဆုံး ရေကြောင်းမတော်တဆမှုလည်း ဖြစ်လာခဲ့သည်။

လူ ၄၅ ဦးကို သယ်ဆောင်လာသော ထိုကူးတို့သင်္ဘောသည် မြောက်ဘော်နီယို ပြည်နယ်ရှိ တန်ဂျန်ဆီလာဆိပ်ကမ်းမှ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းရှာဖွေရေး နှင့် ကယ်ဆယ်ရေးအေဂျင်စီမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သော ဂတ်စတီအန်ဝါမူယာဒီက ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ လူ ၃၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ပြီး ကျန်နေသေးသည့် ခရီးသည်များကို ရှာဖွေရန် ရေတပ်မှတပ်ဖွဲ့ဝင်များကို စေလွှတ်ထားကြောင်းသိရသည်။

အင်ဒိုနီးရှား၏ ကျွန်းပေါင်း ၁၇၀၀၀ ကို ဆက်သွယ်ရေးအတွက် လူထုသည် ကူးတို့ သင်္ဘောများကို အဓိကအားထား နေရသည်။ သို့သော် ဘေးကင်းလုံခြုံရေးအဆင့်အတန်းနိမ့်သဖြင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်ကလည်း ယခု မတော်တဆမှုဖြစ်သည့် လမ်းကြောင်းတွင်ပင် လှေမတော်တဆမှု ဖြစ်ပွားရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ရသည်။

Most Read

Most Recent